ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာမှာ သတ်ဖြတ်ခံရတဲ့အလောင်း ထပ်မံတွေ့ရှိ

ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာမှာ သတ်ဖြတ်ခံရတဲ့အလောင်း ထပ်မံတွေ့ရှိ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းကျေးရွာရဲ့ ဘောလုံးကွင်းအနီးတစ်ဝိုက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရပြီး လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူတစ်ဦးရဲ့အလောင်းကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

“မနေ့ကတစ်လောင်းကတော့ ဘောလုံးကွင်းနားမှာပေါ့နော။ ယမ်းနံ့ထွက်လို့ဆိုပြီး ရှို့လိုက်ပြီပေါ့နော။ အခုက နောက်တစ်လောင်းထပ်တွေ့တဲ့အတွက် ကျနော်တို့ဆီကို အကြောင်းကြားတယ်။ လာသယ်မယ်ပေါ့နော။ မိသားစုဝင်ကလည်း အလောင်းပြန်လိုချင်တယ်ဆိုပြီးတော့ လာသယ်ဖို့လုပ်လိုက်တာပေါ့နော။ စစ်တပ်တွေ အရင်တစ်ရက်နှစ်ရက်က ဒေါခလိုက်လင်းမှာ လာနေသွားတယ်လို့ပြောတယ်။ ခုအလောင်းကတော့ ကြိုးနဲ့သေချာတုတ်ထားတယ်။ လက်ကိုကော လည်ပင်းကိုကော ချည်ထားပြီးတော့ လည်ပင်းကို ရက်ရက်စက်စက်ဓါးနဲ့လှီးသွားတဲ့ အနေအထားမျိုး ကျနော်တို့တွေ့မြင်ရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေါခလိုက်ကျေးရွာမှာ စက်တင်ဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ ၂ ရက်အတွင်း သေဆုံးပုပ်ပွနေတဲ့ အရပ်သားပြည်သူ ၄ ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူအမျိုးသားမှာ အသက် ၂၆ နှစ်အရွယ်ရှိ ထီးဖိုးကလိုးကျေးရွာမှာနေထိုင်သူဖြစ်ပြီး ဇနီးနဲ့ ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေ နေအိမ်မှာရိက္ခာပြန်ယူရင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရပြီး သေဆုံးသွားသူ အများအပြားရှိနေသလို အကြောင်းမဲ့ဖမ်းဆီးခံလိုက်ရသူတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းကာလအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ ၇၀ ကျော်အထိ ရှိလာပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...