အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖြစ်သော ခမရ ၅၆၀ တပ်ရင်း လှုပ်ရှားစစ်ကြောင်းမှ အင်အား ၁၀၀ ခန့်သည် ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီအချိန်က မြဝတီမြို့တောင်ဘက် လေးကေကော် မြို့သစ်ရပ်ကွက်များအတွင်း ဝင်ရောက်လာပြီး ရပ်ကွက်နေ ဒေသခံပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက်မေးမြန်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ စစ်ကောင်စီ လက်အောက်ခံတပ်များသည် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေကော်မြို့သစ် စစ်ဘေးရှောင် နေရပ်ပြန်လည်အခြေချနေထိုင်သည့် ဧရိယာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းသည် လေးကေကော်ရပ်ကွက်နေ ဒေသခံပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက်မေးမြန်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖလူးကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။







