ရေးချောင်းတောင်တံတားပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ခေါ်ဇာမြို့မှလူငယ် ရဲနိုင်ဦးအလောင်းအား သင်္ဂြိုလ်ခွင့်ပြုရန် မိသားစုဝင်များတောင်းဆို

ရေးချောင်းတောင်တံတားပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ခေါ်ဇာမြို့မှလူငယ် ရဲနိုင်ဦးအလောင်းအား သင်္ဂြိုလ်ခွင့်ပြုရန် မိသားစုဝင်များတောင်းဆို

ရေးမြို့ချောင်းတောင်တံတားဂိတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့်ညပိုင်းက သေဆုံးခဲ့ရသူ ခေါဇာမြို့မှလူငယ် ရဲနိုင်ဦး အသက် (၂၇ နှစ်) ၏ ရုပ်အလောင်းကို ကျန်ရစ်သူမိသားစုအား သင်္ဂြိုလ်ခွင့်ပြုရန် သက်ဆိုင်ရာသို့ တောင်းခံထားကြောင်း သိရှိရသည်။

သေဆုံးသူ ရဲနိုင်ဦး၏ အစ်မ မိချိုသက်ဦးက “ကျမမောင် ညကချောင်းတောင်တံတားမှာ ပစ်သတ်ခံရလို့သေသွားပြီးဆိုတာ ရဲကလာအကြောင်းကြားပါတယ်၊ အလောင်းကို ကျမတို့ခေါ်ဇာမှာပဲ ကျမတို့ဆွေမျိုးတွေနဲ့အတူ သင်္ဂြိုလ်ချင်ပါတယ်၊ ဘုန်းကြီးပင့်ချင်တယ် ဆွေမျိုးတွေနဲ့အတူ အမျှအတန်းပေးဝေချင်ပါတယ်၊ ဒါပေမယ့် သူတို့က အလောင်းကို ကျမတို့ကိုပြန်မပေးဘူးတဲ့၊ ပြန်မပေးနိုင်စရာ ဘာအကြောင်းရှိလို့လဲ၊ ကျမမောင်လေးလည်း သေသွားပြီပဲ” ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံတခုတွင်အလုပ်လုပ်ကိုင်ပြီး မကြာခင်ရက်ပိုင်းက နေအိမ်ပြန်ရောက်လာပြီး စိတ်ကျန်းမာရေးဝေဒနာ ခံစားနေရသူ ရဲနိုင်ဦးသည် ၄င်း၏ဆိုင်ကယ်ကိုနေအိမ်တွင်ထား၍ ယမန်နေ့နံနက်ပိုင်းက မိသားစုဝင်များအား အသိပေးပြောကြားခြင်းမရှိဘဲ နေအိမ်မှ တစ်ဦးတည်းထွက်ခွာခဲ့ကြောင်း၊  ညဦးပိုင်းတွင် ရဲနိုင်ဦးသေဆုံးသွားသည့်သတင်းကို ခေါဇာရဲစခန်းမှ လာရောက်အကြောင်းကြားခဲ့ကြောင်း၊ ဓမ္မတာအတိုင်းသေဆုံးခြင်းမဟုတ်သည့်အတွက် ကံယကံရှင်မိသားစုဝင်ထံသို့ ပြန်အပ်ရန် ရေးမြို့မရဲစခန်းက ငြင်းဆန်နေသည်ဟု ၄င်းက ဆက်ပြောသည်။

“ကျမမောင်လေး အိမ်ကထွက်သွားတာ မှတ်ပုံတင်ကလွဲရင် သူ့မှာ ဘာအိတ်မှပါမသွားဘူး လူဆိုးဆိုရင် မှတ်ပုံတင်ဆောင်သွားမှာမဟုတ်ပါဘူး၊ တံတားလုံခြုံရေးက ပစ်လို့သေပြီ၊ ရဲကအလောင်းပြန်မပေးဘူး ရိုးရိုးသေတာမဟုတ်ဘူးလို့တဲ့၊ ကျမတို့အုပ်ချုပ်ရေးမှူးကနေတဆင့် ရဲကိုတောင်းထားတယ် မပေးဘူးတဲ့၊ ရေးမှာသင်္ဂြိုလ်မယ်ထင်ပါတယ် ဆေးရုံမှာကျမတို့ အခုအလောင်းသွားထုတ်ဖို့ သွားနေပြီ” ဟု မိချိုသက်ဦးက ပြောသ

ယမန်နေ့ညဦးပိုင်းတွင် ရေးမြို့နှင့် ချောင်းတောင် မီးရထားလမ်းမြစ်ကူးတံတားပေါ်က ကားလမ်းမအတိုင်း တစ်ဦးတည်းလမ်းလျှောက်လာသည့် ရဲနိုင်ဦးအား လုံခြုံရေးမှမေးမြန်းသည်ကို တစုံတရာတုံ့ပြန်ခြင်းမရှိသဖြင့် ပစ်ခတ်ခံရသည်ဟု ယူဆကြောင်း ရေးမြို့ခံလူငယ်အသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။

“ရဲကမေးတော့ ဘာမပြော ညာမပြောပဲ နောက်ပြန်လှည့်ထွက်သွားလို့ ပစ်ထည့်လိုက်တာ” ဟု ရေးမြို့ခံ မွန်လူငယ်တစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂၈ ရက် ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က ချောင်းတောင်တံတားတွင်  လုံခြုံရေးယူထားသော  ခလရ ၂၉၉ နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းတာဝန်ထမ်းဆောင်စဥ် တံတားအလယ်သိူ့ ရောက်လာသော လူတစ်ဦးအားစစ်ဆေးရာ နောက်သို့ ပြန်လည်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်စဥ် ယာဖက်ဂျိုင်းအောက်ကျော် ကျည်ဖောက်ဝင်ထိမှန်သေဆုံးခဲ့ကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

အလားတူ အဆိုပါ ချောင်းတောင်တံတားဂိတ်တွင်ပင် စက်တင်ဘာ (၂၀) ညအချိန်ခန့်က လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားတို့ကို လက်ဗစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံ၍ သေဆုံးခဲ့သည်ဟုဆိုသော်လည်း မည်သူမည်ဝါဖြစ်သည်ကို သက်ဆိုင်ရာက ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...