စစ်ကောင်စီတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကသဲကျေးရွာအတွင်း စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသည့့် နွေးကျောင်းသား (၂) ဦး၏ ရုပ်အလောင်းကို ယနေ့ (စက်တင်ဘာ ၂၈) ရက မနက်ပိုင်းတွင် ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်ဝန်းကျင် အချိန်တွင် စစ်ကောင်စီတို့ ဖမ်းဆီးခေါ် ဆောင်သွားသည့် ကသဲကျေးရွာမှ နွားကျောင်းသား နှစ်ဦးကို ကသဲကျေးရွာနှင့် ကုန်းဆုံကျေးကြားရှိ ရထား သံလမ်းဘေးတွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးလျက် တွေ့ရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“သူတို့နှစ်ဦးက နွားကျောင်းတဲ့လူငယ်တွေပါ၊ အလွန်ဆုံးရှိမှ ၁၇ နှစ်၊ ၁၈ နှစ် အရွယ်ကလေးတွေဖြစ်တယ်။ မနေ့က ရွာနား (ကသဲရွာ) စားကျက်ထဲ နွားလွှတ်သွားတဲ့ချိန် စကစရဲ့ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာပဲ၊ သူတို့ကို စကစတွေ ဖမ်းသွားတာ မြင်တဲ့သူတွေရှိတယ်၊ ဒီနေ့မနက်ရောက်တော့ ရွာအပြင် ရထားသံလမ်းဘေးမှာ အလောင်းတွေ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖယ်ခုံမြို့နယ် ကသဲရွာနဲ့ကုန်းဆုံရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်သည့်အပြင် နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းသိရသည်။
“မနေ့က စစ်ကောင်စီတို့ဖက် အကျအဆုံးလည်းများတော့ သူတို့က ရမ်းပစ်တယ်၊ ရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ပစ်လို့ နှစ်အိမ်ကတော့လက်နက်ကြီးထိတယ်၊ရွာထဲမှာနေတဲ့လူတွေလည်းထိတယ်၊ အိမ်ထဲပုန်းနေပြီး ရှောင်တိမ်းခွင့်မရလိုက်တဲ့ ပြည်သူတစ်ဦးလည်း သေဆုံးသွားရတယ်” ဟု ဌာန ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စပ်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် ကသဲကျေးရွာနှင့် ကုန်းဆုံကျေးရွာတို့ရှိ ပြည်သူများသည် ပစ်ခတ်သံများ ကြားနေရသော်လည်း နေအိမ်စွန့်ခွာပြီး တိမ်းရှောင်ထွက်ပြေးပါက နေအိမ်များကို စစ်ကောင်စီတို့ လာရောက်ဖျက်စီးမည်ကို စိုးရိမ်သည့်အတွက် မသွားဖြစ်ကြောင်းလည်း သိရသည်။
ယမန်နေ့တွင် စစ်ကောင်စီတို့သည် ဖယ်ခုံမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ရုံသာမက ခေါင်းမိုင်ကျေးရွာအနီးတွင်လည်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ တို့နှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနှင့် ယနေ့ နေ့လည်ပိုင်းအချိန်တွင်လည်း အင်အား ၃၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်သားတို့သည် ခြေလျင်ခရီးဖြင့် ဖယ်ခုံမှ မိုးဗြဲဖက်သို့ ချီတက်သွားကြောင်းလည်း သိရသည်။







