ဒီးမော့ဆိုအရှေ့ခြမ်းမှ ဝမ်းကွဲညီအစ်ကိုနှစ်ဦးပျောက်ဆုံးနေ

ဒီးမော့ဆိုအရှေ့ခြမ်းမှ ဝမ်းကွဲညီအစ်ကိုနှစ်ဦးပျောက်ဆုံးနေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ဝမ်းကွဲညီအစ်ကိုနှစ်ဦး ငွေတောင်ဖက်မှာ ရိက္ခာဝယ်ဖို့သွားရင်း စက်တင်ဘာ (၂၂) ရက်နေ့မှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးထံကနေ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ညီအစ်ကိုနှစ်ဦးမှာ စူးရယ် (၂၄ နှစ်) နဲ့ ကျော်လင်းပိုင် (၂၁) နှစ်တို့ဖြစ်ပြီး ငွေတောင်ဖက်ခြမ်းမှ စစ်ကောင်စီတပ်တွေရှိတဲ့နေရာမှာ ပျောက်ဆုံးသွားတာဖြစ်တဲ့အတွက် ပြန်လိုက်ရှာတာမျိုးတွေလည်း မလုပ်ရဲကြဘူးလို့ ပျောက်ဆုံးနေသူနှစ်ဦးရဲ့ အဒေါ်ဖြစ်သူက အခုလိုပြောပါတယ်။

“သွားပြန်ကြည့်တာမျိုးလည်း သူတို့ မလုပ်ရဲကြဘူး။ ဘာဖြစ်လဲဆိုလို့ရှိရင် ဒီးမော့ဆိုကနေစပြီး တော့မှ ခြောက်မိုင်၊ ဒေါပိုးစီအထိက တပ်စွဲထားတယ်ပေါ့နော။ တပ်စွဲထားခါကျတော့ အဲ့မှာ စစ်ကောင်စီ လက်ချက် ပဲ ဆိုပြီးတော့မှ သူများရိပ်မိကြတယ်ပေါ့။ သူတို့ပျောက်နေတော့ အကယ်၍ လိုက်ရှာတာမျိုး လုပ်ရင်လည်း လိုက်ရှာတဲ့ သူပါပါ ဖမ်းခံထိမှာ မျိုးတွေလည်း သူတို့ကြောက်ခါကျတော့ သူတို့ လိုက်မရှာကြဘူးပေါ့နော။ ဒီရက်အထိ ဆိုလို့ရှိရင်တော့ ခြောက်ရက်ရှိသွားပြီပေါ့နော။ အဲ့တာ အချိတ်အဆက်မရဘူး ဖြစ်နေတယ်ပေါ့။” လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။

လက်ရှိပျောက်ဆုံးနေတဲ့ ဝမ်းညီအစ်ကိုနှစ်ဦးထဲက စူးရယ်ဖြစ်သူမှာ ဖဲလျားရွာကဖြစ်ပြီး သားသမီးအတွက် လိုအပ်တဲ့ စားစရာတွေ၊ ကလေးအသုံးအဆောင်သွားယူရင်းနဲ့ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

“သူတို့က စစ်ရှောင်ရင်းနဲ့ တစ်ယောက်က သူ့ကလေး သုံးယောက်ရှိတော့ စားစရာတွေလည်း မရှိတော့ သူ့ကလေး နို့မုန့်တွေလည်း သောက်ရသေးတယ်ပေါ့နော။ ဆိုတော့ ကျမထင်တာ သူ့ကလေးရဲ့ နို့ မုန့်သွားဝယ်တဲ့ ဟာမျိုးတွေ ကလေး ဒိုင်ဘာတွေ၊ စားစရာတွေ သွားဝယ်ဖို့အတွက် သူတို့သွားတာထင်တယ်။ ကျော်လင်းပိုင်လည်း ဒီးမော့ဆိုမှာ သူ့အိမ်လည်း ရှိတော့ ပစ္စည်းဝင်သယ်ဖို့ လိုတဲ့ ဟာမျိုးတွေနဲ့လည်း သူတို့ ပြန်ကြတယ်။" လို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်ပြည်သူတွေလည်း ရိက္ခာအခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒီးမော့ဆို အရှေ့ဖက် ခြမ်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ (စက်တင်ဘာ ၂၇ ရက်) မှာလည်း အလံဖြူထောင်ပြီး လွိုင်ကော်ဖက်ကို ဆိုင်ကယ်နဲ့သွားတဲ့ ဇနီးမောင်နှံနှစ်ယောက်ကိုလည်း ၆ မိုင် လက်ဝါးကပ်တိုင်တောင်ကနေ သေနတ်နဲ့ ၁၁ ချက်ပစ်ခံရပြီး အမျိုးသမီးဖြစ်သူ ကျည်အနည်းငယ်စင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...