လမ်းမထက်ပေါ်က ကလေးတွေရဲ့ ပြယုဂ်

လမ်းမထက်ပေါ်က ကလေးတွေရဲ့ ပြယုဂ်

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့က လူစည်ကားတဲ့နေရာတွေမှာ လှည့်လည်တောင်းရမ်းနေကြတဲ့ ကလေးငယ်တွေကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။ အရင်က ဒီလိုကလေးတွေ တစ်ယောက်စ၊ နှစ်ယောက်စ လောက်ပဲရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တဖြည်းဖြည်းများလာနေပြီးတော့ လက်ရှိမှာ ကလေး ၁၀ ကျော်ကနေ ၂၀ အထိ ရှိနိုင်ပါတယ်။

ဒီလိုလမ်းမတွေပေါ်တောင်းနေကြတဲ့ ကလေးငယ်တွေဟာ အသက်အရွယ်အားဖြင့် ၁၀ နှစ်အရွယ် ကလေးတွေဖြစ်ကြပြီး အဲဒီထက်အသက်ငယ်တဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။ ကျောင်းတက်နေတဲ့ ကလေးငယ်တွေပါသလို ကျောင်းမနေရသေးတဲ့ ကလေးတွေလည်း ပါဝင်ကြပါတယ်။

သူတို့တွေကို စစ်တွေမြို့ကြီးရဲ့ လူစည်ကားတဲ့နေရာတွေ၊ လူစည်ကားရာ လမ်းဆုံတွေနဲ့ လောကာနန္ဒာစေတီတို့မှာ တွေ့ရမြင်ရပါတယ်။

စစ်တွေမြို့မှာအခြေစိုက်တဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ကျွန်တော်တို့လည်း သတိထားမိလာတယ်။ အဓိကတော့ ဆင်းရဲမှုကြောင့်ပေါ့။ ကလေးတွေ လမ်းပေါ်ထွက် တောင်းလာကြတယ်။ ကလေးတွေက တောင်းချင်တဲ့ကြောင့်တော့ မဟုတ်ဘူး။ ဒီဟာတွေကို စနစ်တကျ ထိန်းသိမ်းဖို့လိုအပ်တယ်။ လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး ဆောင်ရွက်ရင်တော့ရနိုင်တယ်” လို့ ဆိုပါတယ်။

တောင်းရမ်းနေတဲ့ကလေးတွေကို ကျတော်တွေ့ဆုံစကားပြောကြည့်တဲ့အခါ သူတို့တွေဟာ စစ်တွေမြို့က ဆင်းရဲချို့တဲ့စွာနေထိုင်ကြရတဲ့ ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ကြောင်းကို သိခဲ့ရပါတယ်။

မိဘအုပ်ထိန်းသူတွေရဲ့ အလုပ်အကိုင်တွေအဆင်မပြေဘဲ တစ်နေ့လုပ်မှ ငွေတစ်ထောင်ကျပ်ကနေ နှစ်ထောင်ကျပ်ကြားသာ ရရှိကြတဲ့အတွက် မိသားစုစားဝတ်နေရေးခက်ခဲလာတဲ့အခါ ကလေးတွေဟာ လမ်းမပေါ်ထွက်ပြီး အခုလို တောင်းရမ်းလာကြတာဖြစ်ပါတယ်။

အဲဒီကလေးတွေဟာ မနက် ၇ နာရီကတည်းက သူတို့ရဲ့နေအိမ်ကနေထွက်လာပြီး သူတို့တောင်းရမ်းနေကျ နေရာတွေဆီ အရောက်လာတတ်ကြပါတယ်။ လူစည်ကားတဲ့ဆိုင်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ သွားရောက်ပြီး သူ့ထက်ကိုယ်ဦးအောင် တောင်းရမ်းတတ်ကြပါတယ်။ ဒီလိုတောင်းရမ်းတာဟာ မိုးလင်းကနေ မိုးချုပ်တဲ့အထိပါပဲ။ နေ့လည်စာကို နေအိမ်ပြန်ပြီး ထမင်းမစားကြတော့ဘဲ လူတွေပေးကမ်းခဲ့တဲ့ မုန့်တွေ၊ စားစရာတွေကိုပဲစားပြီး နေတတ်ကြပါတယ်။ ည ၈ နာရီကျော်လောက်မှပဲ သူတို့တွေဟာ မိမိတို့နေအိမ်တွေဆီ သွားတတ်ကြပါတယ်။ ဒါဟာ သူတို့တွေရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေထဲက တစိတ်တပိုင်းပါပဲ။

ကလေးတွေဟာ တောင်းရမ်းတဲ့အခါ ငွေပေးကမ်းခဲ့သူတွေကို “ကျေးဇူးတင်ပါတယ်”ဆိုတဲ့ စကားကို အမြဲတမ်း ပြောတတ်ကြပါတယ်။

လမ်းပေါ်ထွက်တောင်ရမ်းကာ မိသားစုဝမ်းရေးအတွက် ဝင်ငွေရှာနေကြတဲ့ ကလေးငယ်တွေရဲ့မိဘတွေဟာ ဆိုက္ကားနင်းတဲ့အလုပ်၊ ကုန်တင်ကုန်ချအလုပ်အလုပ်၊ ကျပန်းအလုပ်တွေကို လုပ်ကိုင်စားသောက်သူတွေ ဖြစ်ကြပါတယ်။

ကိုဗစ်တတိလှိုင်းဖြစ်လာတဲ့အခါမှာတော့ အလုပ်အကိုင်ဟူ၍ရှာဖွေမရတော့ဘဲ အောက်ခြေလူတန်းစားတွေ အတွက် စားဝတ်နေရေးစိန်ခေါ်မှုဟာ မြင့်မားခဲ့ပါတယ်။ ဒါကြောင့် ဆင်းရဲချို့တဲ့စွာနေထိုင်ရတဲ့ မိသားစုတွေထဲက ကလေးငယ်တွေဟာ လမ်းမပေါ်ထွက်တောင်းရမ်းလာရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက “အလုပ်အကိုင်အဆင်မပြေတဲ့ မိသားစုတွေမှာဆိုရင် ထမင်းနှစ်ထပ်စားရဖို့ ရုန်းကန်ရတာမလွယ်ဘူး။ ဒါတွေကြောင့် ကလေးတွေ လမ်းပေါ်ထွက်လာကြတာ။ ဖြစ်နေတာ ကျောင်းတွေလည်းပိတ်ထားတယ်။ ကိုဗစ်ကြောင့် အလုပ်လုပ်ဖို့အဆင်မပြေတဲ့အခါ ငတ်မွတ်မှုကို မခံနိုင်ကြဘူး။ အချို့မိဘတွေဆိုရင် သားသမီးတွေ ဒီလိုလုပ်နေတာကို မသိတဲ့သူတွေလည်းရှိမယ်။ သူတို့ကိုယ်တိုင်လည်း ရုန်းကန်နေရတဲ့အနေအထားရှိမယ်။ အချို့ကတော့ ငတ်ပြတ်လာတဲ့အခါ မျက်စိစုံမှိတ်ပြီး လမ်းပေါ်ထွက်လာတဲ့အခြေအနေလည်းရှိမယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့အတူ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ လုပ်ငန်းခွင်ထဲရောက်နေကြရသလို အချို့ဟာ အခုလိုလမ်းမပေါ်မှာ တောင်းရမ်းတဲ့အထိ ဖြစ်လာကြပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမှာတော့ ကလေးသူငယ်တွေဟာ အသက်ရှင်သန်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကာကွယ်စောင့်ရှောက်မှုရရှိဖို့နဲ့ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့ စတဲ့အခွင့်အရေးတွေရှိတယ်လို့ ပြဌာန်းထားပါတယ်။

အခုလို တောင်းရမ်းစားသောက်နေရတဲ့ကလေးတွေရဲ့ မိသားစုနဲ့တွေ့ဆုံပြီးတော့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးမယ်ဆိုရင် ကလေးတွေတောင်းရမ်းမှု ပပျောက်လာနိုင်တယ်လို့ ဦးခိုင်ကောင်းစံက အကြံပြုပါတယ်။

စာသင်ခန်းထဲမှာရှိနေရမယ့် ဖူးတန်ဝင့်လို့ချီနေတဲ့ ကလေးတွေဟာ လမ်းမပေါ်ရောက်နေရကြပြီး ဆင်းရဲမွဲတေမှုရဲ့ဒဏ်ကို အရွယ်နဲ့ မမျှအောင် ခံစားနေကြရပါတယ်။

အောင်ထိန်ရေးသားသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...