ဒေါ်လာစျေးမြင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ ၃၀ ရာခိုင်နှုန်းအထိစျေးတက်

ဒေါ်လာစျေးမြင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ ၃၀ ရာခိုင်နှုန်းအထိစျေးတက်

ဒေါ်လာစျေး အဆမတန်မြင့်တက်လာမှုကြောင့် ရခိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းအထိ စျေးတက်လာနေကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းများမှာ နိုင်ငံခြားမှ တင်သွင်းနေကြရသည့်အတွက် ဒေါ်လာစျေးတက်လာသည်နှင့် ယခင်စျေးနှုန်းထက် အဆမတန်ခုန်တက်သွားကြောင်း ဆောက်လုပ်ရေးပစ္စည်းရောင်းချနေသူများက ဆိုသည်။

အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ မနန်းမြတ်စံက “အခုက စျေးတွေက တော်တော်များများကိုတက်နေတာပါ။ ဒေါ်လာစျေးတွေလဲတက်တယ်။ ဒေါ်လာစျေးတွေတက်တော့ အိမ်ဆောက်ပစ္စည်းတွေကလည်း စျေးတက်လာတာပေါ့။ ဘာလို့လည်းဆိုရင် အရင်တုန်းက အထပ်သားပြားအသေးတစ်ချပ်ကို ၁၈၅၀၀ ပဲရှိပေမယ့် အခုဆိုရင် ၂၃၀၀၀ ရှိတယ်။ ၃၀ ရာခိုင်နှုန်းကျော်လောက်တက်သွားတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ဘိလပ်မြေမှလွဲ၍ ကျန်သည့် အိမ်ဆောက်ပစ္စည်းအားလုံးလိုလိုမှာ ၃၅ ရာခိုင်နှုန်းအထက် စျေးမြင့်တက်နေကြောင်း ၎င်းကဆိုသည်။

ထိုသို့ပစ္စည်းစျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ရောင်းချမည့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင်လည်း အခက်အခဲရှိနေကြောင်း အိမ်ဆောက်ပစ္စည်းရောင်းချနေသူတစ်ဦးဖြစ်သူ ကိုအေးနိုင်က ပြောသည်။

“အိမ်ဆောက်ပစ္စည်းတွေစျေးတက်တော့ ပစ္စည်းဝယ်ယူတဲ့နေရာမ အရင်တုန်းကတော့တစ်လလောက် အကြွေးရတယ်ပေါ့။ ခုနောက်ပိုင်း ဒေါ်လာစျေးတွေ တောက်လျှောက်တက်တော့ သူတို့က ခရက်တစ်ကိုမပေးတော့ဘူး။ လက်ငင်းစနစ်နဲ့ပဲ ရောင်းတော့တယ်။ အဲဒီအခါကျတော့ ငွေကြေးထုတ်ရတဲ့အပိုင်းတွေမှာ အခက်အခဲရှိတော့ ကျွန်တော်တို့မှာအခက်ခဲတွေဖြစ်ရပါတယ်” သူကရှင်းပြသည်။

ယင်းအပြင် စျေးနှုန်းများ မတရားမြင့်တက်လာနေသည့်အတွက် ကုန်ပစ္စည်းများမှာလည်း မရောင်းရသလောက်နီးပါးဖြစ်နေကြောင်း ဆောက်လုပ်ရေးပစ္စည်း ရောင်းချနေသူများကဆိုသည်။

ယခုကဲ့သို့ ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာနေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများမှာလည်း အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း လုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

“စျေးတက်တဲ့အခါ ဆိုင်ရှင်တွေနဲ့ ယုံကြည်မှုတွေကလည်း ပျက်ကုန်တယ်။ ဆိုင်ရှင်တွေက လုပ်ငန်းတွေကိုလိုအပ်တယ်။ လုပ်ငန်းရှင်တွေကလည်း ဆိုင်ရှင်တွေလိုအပ်တယ်။ ဒါပေမယ့် စျေးတက်လာတယ်ဆိုတော့ ဆိုင်ရှင်တွေက အကြွေးမရောင်းချင်ကြတော့ဘူး။ အဲဒီအခက်ခဲကို လုပ်ငန်းလုပ်တဲ့လူတိုင်းက အခုခံနေကြရတယ်” ဟု ရခိုင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးလှမောင်ကပြောသည်။

ထိုသို့ အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်တချို့နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့တို့မှာ လုပ်ငန်းယာယီရပ်နားထားရခြင်းများရှိကြောင်း လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုမှာ တာဝန်ယူထားသည့်တင်ဒါများကို ပြီးပြတ်အောင် ဆောင်ရွက်နေကြောင်း ဦးလှမောင်က ထပ်လောင်းပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ဒေါ်လာစျေးတက်လာသောကြောင့် ကုန်ပစ္စည်းများစျေးတက်သည့်ဒဏ်အပြင် ဘဏ်မှ လိုအပ်သည့်ငွေပမာဏကို ထုတ်ယူခွင့်မရသောကြောင့်လည်း လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုသို့ အခက်အခဲများရှိနေသော်လည်း လုပ်ငန်းရပ်တန့်လိုက်ပါက ထိုအလုပ်တွင်မှီခိုနေသူများ အလုပ်လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက် မရပ်တန့်ပဲဆက်လက်လုပ်ကိုင်နေကြရကြောင်းကိုလည်း လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...