ရခိုင်မှ ကမာကောင်များရောင်းချမှု ယခင်ထက်စျေးနိမ့်လာ၍ ရောင်းချသူများ အခက်အခဲဖြစ်

ရခိုင်မှ ကမာကောင်များရောင်းချမှု ယခင်ထက်စျေးနိမ့်လာ၍ ရောင်းချသူများ အခက်အခဲဖြစ်

ရခိုင်ပြည်နယ်မှ ကမာကောင်များရောင်းချရာတွင် ယခင်ထက် စျေးနိမ့်လာ၍ ရောင်းချသူများ အခက်ခဲဖြစ်နေကြကြောင်း သတင်းရရှိသည်။

ယခင်က ကမာကောင်တစ်လုံးကို ငွေကျပ်တစ်ထောင်ကျော်စျေးရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကိုဗစ်ဖြစ်ပွားမှုများကြောင့် လက်ရှိမှာ ကမာကောင်တစ်လုံးကို ငွေကျပ် ၇၀၀ ခန့်သာရရှိတော့ကြောင်း သိရသည်။

ထို့အပြင် ကမာကောင်ဝယ်ယူသူများမှာလည်း ယခင်ကထက် နည်းပါးလာနေသည်ဟု ရမ်းဗြဲမြို့နယ်၊ လက်ပံအုပ်စု၊ အဝတောင်ကျေးရွာမှ ကမာကောင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ကိုခိုင်အောင်ကပြောသည်။

“အခုက တိုင်းပြည်အခြေအနေနဲ့ လမ်းပိတ်တာတွေနဲ့ ကိုဗစ်ကြောင့် အဆင်မပြေတာနဲ့ ကမာကောင်တင်ပို့ရောင်းချရတာ အဆင်မပြေဘူး။ အရောင်းအဝယ်လည်းမဖြစ်ဘူး။ အရင်လို စျေးလည်းမရတော့ အဆင်မပြေဘူး။ နောက်ပြီး ရောင်းရပြန်တော့လည်း ပြည်မကလူတွေမှာက ငွေကို wave pay နဲ့ လွှဲပေးတော့ wave မရတာကတကဏ္ဍပေါ့” ဟု ကိုခိုင်အောင်က DMG သို့ ပြောသည်။

ကမာကောင်လုပ်ငန်းကို အဓိကထားလုပ်ကိုင်နေသူများမှာ ယင်းလုပ်ငန်းအဆင်မပြေသဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများစွာရှိကြောင်းလည်း ၎င်းကပြောသည်။

ကမာကောင်များကို ရခိုင်ပြည်နယ်အပြင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ကမာကောင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ရမ်းဗြဲမြို့နယ်၊ အဝတောင်ကျေးရွာမှ ကိုကျော်ငြိမ်းကလည်း လုပ်ငန်းအတွက်လိုအပ်သည့် လုပ်သားငှားရမ်းရာတွင်အဆင်မပြေ၍ လုပ်ငန်းကိုရပ်နားထားရကြောင်း DMG သို့ ပြောသည်။

“ကမာကောင်တွေကို စက်နဲ့ငုပ်ယူရတာ။ အဲဒါကို အလုပ်သမားက အခုခေါ်လို့မရတော့ဘူး။ ကျွန်တော့်မှာ အလုပ်သမားက ဧရာဝတီတိုင်းဘက်ကခေါ်တာဆိုတော့ အဲဒီဘက်မှာ အခုတိုင်းပြည်အခြေအနေမကောင်းတော့ လာမလုပ်ကြတော့ဘူး။ ဒီမှာ အလုပ်သမားခေါ်ရတာကလည်း သိတဲ့အတိုင်းပဲ ငွေနှစ်သောင်း/သုံးသောင်းဆိုရင် မလုပ်ချင်ကြဘူးလေ။ အဲဒီတော့ အလုပ်ကိုရပ်ထားရတယ်။ အခုကလုပ်နေတဲ့သူတွေလည်း သိပ်အဆင်မပြေကြပါဘူး” ဟု ၎င်းကဆိုသည်။

ရမ်းဗြဲမြို့နယ်တွင် ကမာကောင်များကို ဒုံးကွန်မြစ်နှင့် ပိုက်ဆိုက်တောင်ပေါ်မြစ်တို့တွင်ဖမ်းယူရရှိနိုင်ပြီး ယင်းနေရာသို့ စက်လှေဖြင့်သွားကာ ကမာကောင်များအား စက်ဖြင့်ငုပ်ပြီးဖမ်းယူရခြင်းဖြစ်ကြောင်း ရမ်းဗြဲမြို့နယ်အတွင်းမှ ကမာကောင်တင်ပို့ရောင်းချနေသူများထံမှ သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...