ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရ

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရ

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌဖြစ်သူ ဦးတိုးနိုင် (ခ) ဦးရန်ရှင်းမှာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ကျိုက်ထိုမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဦးတိုးနိုင် (ခ) ဦးရန်ရှင်းမှာ ကျိုက်ထိုမြို့ အထွက် မုန့်ဟင်းခါးဆိုင်နေရာတစ်ခုတွင်ထိုင်နေစဥ် သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး နှစ်ချက်ပစ်ခတ်သွားကြောင်း ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီမှ ဗဟိုဥက္ကဌ ဦးမင်းမင်းထွန်းက ပြောသည်။

“မွန်ပြည်နယ် ကျိုက်ထိုအထွက်နား မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးသွားစားတဲ့ချိန်မှာ ထိုင်စကားပြောတာပေါ့နော်။ ထိုင်စကားပြောနေချိန်မှာပဲ သေနတ်နဲ့ နှစ်ချက်လာပစ်သွားတယ်” ဟု ဦးမင်းမင်းထွန်းက ပြောသည်။

ဦးခေါင်းကို သေနတ်ကျည်ဆံထိမှန်ကာ ကျိုက်ထိုဆေးရုံမှတဆင့် ရန်ကုန်မြို့သို့အရေးပေါ်ကားဖြင့် ပို့ဆောင်နေစဥ်  လမ်းထက်ဝက်တွင် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က သေဆုံးခဲ့ခြင့်ဖြစ်သည်။

၎င်းအကြမ်းဖက်လုပ်ရပ်ကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ကျူးလွန်သည်ဖြစ်စေ မိမိတို့အနေဖြင့် ရှုံ့ချကြောင်း ဦးမင်းမင်းထွန်းက ဆိုသည်။

“ကျနော်တို့က ကိုယ်လုပ်စရာရှိတဲ့ နိုင်ငံရေးပါတီအလုပ်ကို လုပ်တာလေ။ အခုလိုမျိုးလုပ်ခံရတာ စိတ်ထဲလည်းမကောင်းဘူး။ ကျနော့်အတွက် ကရင်၊ မွန်ပြည်နယ်အတွက် ဆုံးရှုံးတာပေါ့။ မွန်ပြည်နယ်တွင်မကဘူး။ ကရင်ပြည်နယ်လည်း အားကိုးရတဲ့သူလေ အများကြီး ဆုံးရှုံးတာပေါ့” ဟု ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ဗဟိုအလုပ်မှုဆောင်တာဝန်နှင့် မွန်ပြည်နယ် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသူ  ဦးတိုးနိုင် (ခ) ဦးရန်ရှင်းသည်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဘူးသည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...