ကျောက်မဲစစ်ရှောင်များ မိုးကာနှင့်စားနပ်ရိက္ခာများ ခက်ခဲနေ

ကျောက်မဲစစ်ရှောင်များ မိုးကာနှင့်စားနပ်ရိက္ခာများ ခက်ခဲနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများ မိုးကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းတစ်ချို့တွင် မိုးကာများလုံလောက်မှု မရှိခြင်းနှင့် စားနပ်ရိက္ခာ ခက်ခဲမှုများ ဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“ဟူးစွန်စစ်ရှောင်စခန်းမှာက မိုးကာတွေ မရှိလို့ မိုးရွာရင် ဒုက္ခရောက်နေကြတယ်၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်၊ စစ်ရှောင်တွေကလည်း များတော့ ရှိထားတာတွေက မလုံလောက်တော့ဘူး” ဟု ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ဟူးစွန်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင် (၁၅၀၀)ဝန်းကျင်ရှိနေပြီး ကျန်းမာရေးမကောင်းသူများလည်း ရှိနေကြောင်း၊ ထို့အပြင် ကျောက်မဲမြို့ပေါ်တွင် ရောက်ရှိခိုလုံနေကြသည့် ဟူးကွက်ကျေးရွာဒေသခံများလည်း စားနပ်ရိက္ခာခက်ခဲနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ မန်ပင့်စစ်ရှောင်စခန်းတွင်လည်း အစားအသောက်နှင့် ထင်းများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမှာက လူအများအတွက် နေ့တိုင်းချက်ပြုတ်နေရတော့ ထင်းတွေ အစားအသောက်တွေက မလုံလောက်တော့ဘူး” ဟု မိုင်းငေါ့ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ရှောင်စခန်းတွင် စစ်ရှောင် (၁၀၀) ကျော်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် လွန်ခဲ့သည့် (၂) လဝန်းကျင်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ကြောင်း၊ ကောင်းဝေါင်း၊ နားလန့်နှင့် တော့ဆန်ကျေးရွာဒေသခံတို့ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် (၂) လကျော်က တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထိုစစ်ရှောင်များတွင် စားနပ်ရိက္ခာခက်ခဲမှုများရှိနေသည့်အပြင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် စစ်ရှောင် (၁၅၀) ဝန်းကျင်ရှိနေကြောင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...