ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၀ ကျော်ခန့် ယာယီရပ်နားထားရ

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၀ ကျော်ခန့် ယာယီရပ်နားထားရ

ရခိုင်တွင် COVID -19 တတိယလှိုင်းအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၀ ကျော်ခန့် ယာယီရပ်နားထားရကြောင်း စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) ဥက္ကဋ္ဌ ဦးချမ်းအေးက DMG သို့ ပြောသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက် ခရီးသည်လိုက်ပါမှု နည်းပါးလာသာကြောင့် ယာယီရပ်နားထားကြခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အကုန်လုံးက ကုန်ကိုပဲအားပြုပြီးသွားနေကြရတယ်။ အရင်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းကလည်း အခုလိုပဲ ရပ်ထားခဲ့ကြတာတွေရှိတယ်။ မရပ်သေးတဲ့ ယာဉ်လိုင်းတွေဆိုရင်လည်း ခရီးသည်မရှိတော့ အဝေးပြေးခရီးသည်တင်ကားတွေမှာ ကုန်တွေတင်ပြီး သွားနေကြရပါတယ်”ဟု ဦးချမ်းအေးကပြောသည်။

လက်ရှိတွင် မိုးတွင်းကာလဖြစ်သည့်အတွက် လမ်းများမကောင်းသည့်အချိန်တွင် ခရီးသည်တင်ယာဉ်ပေါ်၌ ကုန်များတင်ကာ သွားလာရသည့်အခါ ကားပျက်စီးမှုများရှိလာသည့်အတွက် ယာယီရပ်နားထားရကြောင်းလည်း အောင်စစ်ခိုင်ယာဉ်လိုင်းတာဝန်ခံ ကိုနိုင်နိုင်ကဆိုသည်။

“ကျွန်တော်တို့မှာ မပိတ်လို့မရဘူး ခရီးသည်တွေလည်းမရဘူး၊ ကုန်တွေကလည်းသိပ်မတင်ရဘူး။ တစ်ခါသွားရင် အနည်းဆုံး ကုန်တန်ဖိုးသိန်းတစ်ဆယ်ကျော်ဖိုးလောက်ပါမှ ကားတွေကိုထွက်လို့အဆင်ပြေတာ။ ဒီကြားထဲ ခရီးသည်တင်တဲ့ကားပေါ် ကုန်တွေတင်လို့ ကားပျက်စီးတာတွေလည်းရှိသေးတယ်” ဟု ၄င်းကပြောသည်။

လက်ရှိပြေးဆွဲနေသော အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့်လည်း ခရီးသည်လိုက်ပါမှုနှင့် ကုန်စည်ရရှိမှုနည်းပါးသည့်အတွက် ကားအစီးရေများကိုလျှော့ကာ ပြေးဆွဲနေကြရကြောင်း ရွှေပြည်သစ်ယာဉ်လိုင်း (စစ်တွေ-မန္တလေး) မှ ဂိတ်မှူး ကိုမိုးကဆိုသည်။

“အခုက ဆီစျေးတွေကလည်းမြင့်တက်လာတယ်။ ဒါပေမယ့် ကုန်စျေးနှုန်းတွေကလည်းမြင့်နေတော့ ကုန်သည်တွေမှာ ကုန်တွေဝယ်ရတာ အခက်ခဲရှိတော့ ကျွန်တော်တို့စျေးတိုးတောင်းချင်ပေမယ့် တောင်းလို့မရဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ကတော့ ဆွဲပေးနိုင်သလောက်ဆွဲပေးနေကြရပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်သို့ ကုန်စည်များတင်သွင်းရာတွင် ကုန်းလမ်းနှင့် ရေလမ်းနှစ်လမ်းသာရှိပြီး ကုန်စည်အများစုကို ကုန်တင်ကားကြီးများနှင့် တင်သွင်းလေ့့ရှိကြောင်းနှင့် ကုန်တင်နေသည့် ခရီးသည်တင်ယာဉ်လိုင်းအချို့ ရပ်နားလိုက်ရသည့်အတွက် ကုန်စည်စည်းဆင်းမှုအပေါ် အနည်းအကျဉ်းရိုက်ခတ်မှုရှိနိုင်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးကသုံးသပ်ပြောဆိုသည်။

အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ခရီးသည်တင်ဆောင်မည်ဆိုပါက ကိုဗစ်စည်းကမ်းနှင့်အညီ တင်ဆောင်ရန် လိုက်ပါမည့်ခရီးသည်များအနေဖြင့်လည်း ကျန်းမာရေးထောက်ခံစာလိုအပ်သည်ဟု သက်ဆိုင်ရာမှညွှန်ကြားထားကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...