ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပိုးစစ်ဆေးသူ ၁၀၀ တွင် ပိုးတွေ့ရှိသူ ၁၂ ရာခိုင်နှုန်းသာရှိတော့သော်လည်း ရောဂါကူးစက်မှု ဆက်လက်ရှိနေသည့်အတွက် ကိုဗစ်စည်းကမ်းနှင့်အညီလိုက်နာကြရန် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။
ကိုဗစ်တတိယလှိုင်း အစောပိုင်းက ရောဂါပိုးစစ်ဆေးသူ လူ (၁၀၀) အားစစ်ဆေးလျှင် (၅၈) ရာခိုင်နှုန်းခန့်တွင် ရောဂါပိုးတွေ့ရှိသော်လည်း လက်ရှိတွင် လူ (၁၀၀) စစ်ဆေးလျှင် ၁၂ ဦးလောက်သာ ကိုဗစ်ရောဂါပိုးတွေ့ရှိတော့ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“အခုဆိုရင် ပိုးစစ်ဆေးသူ လူ ၁၀၀ မှာ ၁၂ ယောက်လောက်ပဲတွေ့တယ်။ ကိုဗစ်ပိုးကတော့ ကျသွားတယ်လို့ပြောရမယ်။ ဒါပေမဲ့ ဒီရောဂါကမပျောက်သေးပဲ ဆက်လက်ရှိသေးနေတဲ့အတွက် ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့လိုသေးတယ်။ ပြည်သူတွေကို အဓိကပြောချင်တာကတော့ ကိုဗစ်စည်ကမ်းတွေကို လိုက်နာစေချင်တယ်၊ မပေါ့ဆသင့်ဘူး” ဟု ၄င်းကဆိုသည်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းမှာ ဇူလိုင်လနောက်ဆုံးအပတ်မှစ၍ လျော့ကျလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျလာပြီးနောက် လမ်းသွားလမ်းလာပြည်သူများအနေဖြင့် Mask မတပ်ဘဲ သွားလာနေမှုများကို အများအပြားတွေ့ရှိလာရပြီး စျေးများအတွင်းတွင်လည်း စျေးသည်အများစုမှာ Mask မတပ်ဘဲ ရောင်းချမှုများရှိနေကြသည်ကို တွေ့ရသည်။
စက်တင်ဘာ ၁၂ ရက်နေ့ ညနေ့ ၅ နာရီအထိ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ ၄၂၇ ဦးရှိပြီး စစ်တွေတွင် ၇၁ ဦး၊ မောင်တောတွင် ၂၀ ဦး၊ သံတွဲတွင် ၃၆ ဦး၊ တောင်ကုတ်တွင် ၆၃ ဦး၊ ဘူးသီးတောင်တွင် ၇ ဦး၊ ကျောက်တော်တွင် ၂၈ ဦး၊ မင်းပြားတွင် ၁၇ ဦး၊ မြေပုံ ၂ ဦး၊ ဂွတွင် ၂၆ ဦး၊ ကျောက်ဖြူတွင် ၅၃ ဦး၊ ရမ်းဗြဲတွင် ၉ ဦး၊ ပုဏ္ဏားကျွန်းတွင် ၁၈ ဦး၊ ပေါက်တောတွင် ၁၃ ဦး၊ အမ်းတွင် ၂၀ ဦး၊ မြောက်ဦးတွင် ၁၉ ဦး၊ ရသေ့တောင်တွင် ၁၁ ဦးနှင့် မာန်အောင်တွင် ၁၄ ဦး တို့ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီစရင်းအရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ရှိမှုနှုန်းမှာ တစ်ဆယ်ရာခိုင်နှုန်းအောက်လျှော့ကျသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက DMG သို့ ပြောဆိုထားသည်။
ကိုဗစ်မျိုးရိုးဗီဇပြောင်း ဒယ်လ်တာပိုးတွေ့ရှိပြီးနောက် စစ်တွေမြို့တွင် mask မတပ်တဲ့ ဆိုင်ကယ်စီးသူများနှင့် လမ်းသွားသူများကိုဖမ်းဆီးကာ ကိုဗစ်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်နေကြောင်း သိရသည်။
ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်းမှာ ၄၅၇၇ ဦးအထိရှိလာနေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၁၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၄၃၄,၁၀၆) ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၃၈၃,၄၄၀) ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၆,၆၁၇) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။







