ယနေ့ (စက်တင်ဘာ ၁၂ ရက်) ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းဖက်က စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်ပြည်သူထဲက ကိုဗစ်ပိုးတွေ့ရှိတာတွေ ရှိတယ်လို့ ထီးဖိုးကလိုးကျေးရွာအုပ်စုက ကိုဗစ်စစ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းက ဆိုပါတယ်။
" ဟုတ်တယ်ရှင့်။စစ်ရှောင်တွေထဲက ကျေးရွာအမည်တော့အတိအကျမသိဘူး။ ဒါပေမယ့် သူတို့စစ်ရှောင်တွေထဲမှာတော့ သွားရောက်နေတဲ့နေရာမှာ တစ်ချို့အဖွဲ့တွေက သွားစစ်ပေးတဲ့အခါမှာ positiveထွက်တဲ့လူတော့ရှိတယ်ရှင့်။" လို့ အဆိုပါဝန်ထမ်းက ဆိုပါတယ်။
ကရင်နီပြည်နယ် (ကိုဗစ်-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဒီ/ကျေး) လူမှုကွန်ယက်စာမျက်နှာမှာလည်း စစ်ရှောင်စခန်းတစ်နေရာမှာ ကိုဗစ်လက္ခဏာပြတဲ့လူနာ (၂၉) ဦး စစ်ကြည့်ရာမှာ (၁၁) ဦး ကိုဗစ်တွေ့ခဲ့တာလို့ ဖော်ပြထားပါတယ်။
သူတို့ရဲ့ စစ်ရှောင်တဲ့နေရာ တဲတွေမှာ ကလိုရင်း ဆေးဖျန်းပေးခဲ့ပြီး Covid Test၊ PPEနဲ့ ဆေးဝါးတွေလည်း လိုအပ်နေသေးတယ်လို့ ဖော်ပြထားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရကနေ့က တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော် ထပ်မံစစ်ဘေးရှောင်ခဲ့ရပါတယ်။
ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သိရှိရသလောက် ထီးဖိုးကလိုးကျေးရွာ အုပ်စုမှာဆိုရင် စက်တင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ် ၄၅ ဦးထိ တွေ့ရှိခဲ့ပြီး ပြန်လည်သက်သာသူတွေလည်းရှိပါတယ်။
လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတနေရာမှာလည်း ဩဂုတ်လ ၁၄ ရက်နေ့အထိ ကိုဗစ်တွေ့ရှိသူ ၄၇ ဦး အထိရှိခဲ့ပါတယ်။
ဓါတ်ပုံ - ကိုဗစ်19ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဒီ/ကျေး (Facebook)







