စစ်အာဏာသိမ်း ၇ လအတွင်း PDF သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၉၃၃ ဦးရှိကြောင်း သံတမန်များကို နစကရှင်းလင်း

စစ်အာဏာသိမ်း ၇ လအတွင်း PDF သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၉၃၃ ဦးရှိကြောင်း သံတမန်များကို နစကရှင်းလင်း

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလမှ (၇) လအတွင်း PDF အဖွဲ့သတ်ဖြတ်မှုကြောင့် အစိုးရဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ဒလန်ဟုစွပ်စွဲ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၉၃၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတကာသံတမန်တို့ကို နစကပြည်ထဲရေးဒုဝန်ကြီးက စက်တင်ဘာ ၉ ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့ကြောင်း Popular News Journal သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတကာသံတမန် ၂၉ ဦးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဒုတိယဌာနေကိုယ်စားလှယ်တို့ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ရှင်းလင်းတင်ပြရာတွင် အဆိုပါ PDF အဖွဲ့များသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးဌာနလက်အောက်ရှိ အရပ်ဘက်မြို့နယ်အဆင့်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၂ ဦး၊ ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခံလိုက်ရသူ ၃၆၉ ဦး၊ အခြားပါတီကို ထောက်ခံအားပေး၍ သတ်ဖြတ်ခံရသူ ၂၅၃ ဦး၊ အစိုးရဝန်ထမ်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၁၄၀ ဦး၊ ဗုံးခွဲမှုကြောင့် ၆၉ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ ၁၃၁၂ ဦးရှိသည်ဟု အချက်လက်များဖြင့် ထုတ်ဖေါ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စာသင်ကျောင်းများ မိုင်းခွဲမီးရှို့ဖျက်ဆီးခံရမှု ၄ဝ၆ ကြိမ်၊ အစိုးရရုံးဌာန မီးရှို့ဖျက်ဆီးခံရမှု ၃၈၆ ကြိမ်၊ ပုဂ္ဂလိကဘဏ်ဖျက်ဆီးခံရမှု ၂၉ ကြိမ်နှင့် ဘဏ်ဓားပြတိုက်မှု ၄ ကြိမ်၊ အစိုးရဘဏ်ဖျက်ဆီးခံရမှု ၂၃ ကြိမ်၊ ဈေးကြီးများ မီးရှို့ဖျက်ဆီးခံရမှု ၉ ကြိမ်၊ လမ်းတံတားများ မီးရှို့ဖောက်ခွဲဖျက်ဆီးခံရမှု ၁၇၂ ကြိမ်၊ လူနေအိမ်များနှင့် ရုံးများ မီးရှို့ဖျက်ဆီးခံရမှု ၂၁၆ ကြိမ်၊ စူပါမားကက်များ ဖောက်ခွဲမီးရှို့ခံရမှု ၈ ကြိမ်၊ စက်ရုံအလုပ်ရုံများဖျက်ဆီးခံရမှု ၁၈ ကြိမ်၊ ပုဂ္ဂလိကပိုင် အဆောက်အအုံများဖျက်ဆီးခံရမှု ၂၈ ကြိမ်၊ ရဲစခန်း ရဲကင်းများ ဖောက်ခွဲတိုက်ခိုက်ခံရမှု ၂၃၅ ကြိမ်၊ နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးခံရမှု ၃၅ ကြိမ်၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ ဖျက်ဆီးခံရမှု ၄၁ ကြိမ်၊ ဆေးရုံဆေးခန်းများ မိုင်းခွဲ မီးရှို့ဖျက်ဆီးခံရမှု ၁၉ ကြိမ်၊ မြို့ပြများ၌ အများသူငါ ဝင်/ထွက်သွားလာသည့်နေရာများ၌ မိုင်းထောင်ဖောက်ခွဲခံရမှု ၂၃၉ဝ ကြိမ် ဖြစ်ပေါခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

တဖက်တွင်လည်း ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စက်တင်ဘာ ၉ နေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၀၅၈) ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆၃၄၃) ဦး၊ ဖမ်းဝရမ်းကြောင့်တိမ်းရှောင်နေရသူ (၁၉၈၄) ဦးရှိကြောင်း သိရသည်။

ထို့အတူ လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် ပုဂ္ဂိုလ် များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး၍ နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာသွားရန်၊ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူအားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုနှင့်အတူ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်၊ တိုင်းပြည်၏ အာဏာကို အရပ်သားကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်းအဖြေရှာကြရန် စက်တင်ဘာ ၉ ရက်နေ့ အစည်းအဝေးတွင် နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ်ချမှတ်၍ တိုက်တွန်းထားသည်။

 
 

 

 

May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...