မဲဝိုင်းဒေသက ကျေးရွာအချို့ကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး၊ ရွာသား ၁ ဦး အသတ်ခံရ၊ ပျောက်ဆုံးသူတွေရှိနေ

မဲဝိုင်းဒေသက ကျေးရွာအချို့ကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး၊ ရွာသား ၁ ဦး အသတ်ခံရ၊ ပျောက်ဆုံးသူတွေရှိနေ

ကေအဲန်ယူတပ်မဟာ ၅ ဖာပွန်ခရိုင် မဲဝိုင်ဒေသထဲမှာရှိတဲ့ ကျေးရွာတွေထဲကို အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့တွေက ဝင်ရောက်ပြီး လူနေအိမ်တွေကိုဖျက်ဆီးကာ ဒေသခံလူထုတွေကို သတ်ပစ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ ၇ ရက်အတွင်း မဲဝိုင်ဒေသမှာရှိတဲ့ မဲခေါ်ဖိုးခီး၊ ကပေခီးရွာစတဲ့ ကျေးရွာတွေထဲကို အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့တွေက ဝင်ရောက်ဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုတပ်ဖွဲ့တွေဟာ ဒေသခံပြည်သူလူထုတွေရဲ့ နေအိမ်တွေ ကားတွေကို လိုက်လံဖျက်ဆီးပြီး အိမ်မွေးတိရိစ္ဆာန်နဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါတယ်။

“အခုက လက်နက်ကြီးတွေက နေ့တိုင်းလိုလိုပစ်ချတယ်။ အထူးသဖြင့် မဲဝိုင်ဘက်မှာ။ ရွာမှာလာပြီးတော့ ပစ္စည်းတွေဖျက်ဆီးပြီးတော့ ကားတွေ ဆန်တွေ အကုန်လုံးဖျက်ဆီးတယ်။ ရှိတဲ့ပစ္စည်းတွေ သူတို့ယူသွားတာတွေ ခိုးသွားတာတွေ ဖျက်ဆီးသွားတာတွေ အိမ်မှာရှိတဲ့ ဗီရိုတွေ ကားတွေ ဖျက်ဆီးတယ်။ ဆန်တွေကို ဖျက်ဆီးတာ။ ရှိတဲ့ဆန်တွေကို မြေပေါ်မှာလောင်းချတယ်။ ၃ ရက်ကနေ ၇ ရက်အတွင်းပေါ့။ အိမ်ကတော့ ၁၀ လုံးလောက်ပေါ့” လို့ နော်ခူဝါးရှီးက ပြောပါတယ်။

ဒါ့အပြင် ရွာသားတစ်ဦးကိုလည်း စစ်အုပ်စုတပ်က သတ်ပစ်သွားခဲ့ပြီး အိမ်နဲ့မနီးမဝေးနေရာမှာ မြုပ်နှံထားခဲ့ကာ ရွာသားတွေတချို့လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီကျေးရွာထဲမှာ စစ်‌ကောင်စီ အခြေချတပ်စွဲနေထိုင်တာကြောင့် ဒေသခံလူထုတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကေအဲန်ယူ တပ်မဟာ ၅ ဖာပွန်ရိုင်ထဲကို အာဏာသိမ်းစစ်အုပ်စုရဲ့ နယ်မြေကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ဆောင်မှုတွေ ပိုမိုလုပ်ဆောင်တာကြောင့် KNLA တပ်မဟာနဲ့ နေ့စဉ်လိုလို ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဖာပွန်ခရိုင်တစ်ခုအတွင်း စစ်ဘေးရှောင်ပြည်သူ သောင်းချီ တိမ်းရှောင်ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...