အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ မလိုအပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် ဒေါ်လာဈေးတွေ ဆက်တိုက်မြင့်တက်လာရတာဖြစ်တယ်လို့ စီပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပို့ရငွေကနေ မသုံးဘဲ ကျန်တဲ့ငွေကို ဘဏ်စာရင်းထဲ ငွေဝင်ပြီး ၄ လအတွင်း ပေါက်ဈေးအတိုင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ရေး ဘဏ်တွေမှာ မပျက်မကွက် ရောင်းချပေးရမယ်လို့ စက်တင်ဘာ ၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
အဲလို ထုတ်ပြန်ပြီးနောက် ဒေါ်လာဈေးနှုန်းဟာ ကျပ် ၁၈၀၀ ကျော်ထိ စံချိန်မြင့်တက်လာခဲ့ပါတယ်။
ဒေါ်လာဈေးတွေ မြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်မားလာသလို စီးပွားရေးလည်ပတ်မှုတွေမှာလည်း နှောက်နှေးကုန်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
“အဓိက, က ဒေါ်လာဈေးတွေကို လိုက်ပြီး ထိန်းချုပ်လို့ ဖြစ်တဲ့အနေအထားပေါ့၊ထုတ်ချင်တိုင်း ထုတ်လို့မရအောင် လုပ်ထားတယ်၊ တဖက်မှာ ဘာဖြစ်လာလဲဆိုတော့ စီးပွားရေးလည်ပတ်မှုမှာ နှောက်နှေးကုန်ရော” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြန်မာငွေတန်းဖိုး ကျလာတာကြောင့် ဒေါ်လာကို ဝယ်ယူသူတွေများလာတဲ့အတွက် ဒေါ်လာဈေးတက်လာသလို ဒေါ်လာတွေ ကိုင်ထားသူတွေများပြီး တချို့လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ဒေါ်လာနဲ့ငွေချေဖို့ လိုတဲ့အချိန်မှာ ဒေါ်လာမရှိတာကြောင့် ကြံဖန်ပြီး ဈေးကြီးပေး ဝယ်ယူတာတွေရှိတဲ့အတွက် အခုလို ဒေါ်လာဈေး မြင့်တက်လာရတာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်လာဈေး မြင့်တက်လာတာကြောင့် နောက်ဆက်တွဲ ပြသနာ အနေဖြင့် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးကြီးပေးဝယ်နေရသလို လုပ်ငန်း လည်ပတ်ဖို့ ကုန်ကြမ်းပစ္စည်း တွေကိုလည်း ဈေးကြီးပေး ဝယ်နေရတာကြောင့် ရေရှည် လုပ်ငန်းလည်းပတ်ဖို့ အခက်အခဲဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
“လုပ်ငန်းရှင်တွေက လက်ရှိ ဒေါ်လာဈေး တက်တဲ့အတွက်ကို တချို့ စက်ရုံတွေကလည်း ပြန်ရောင်းဖို့ မကိုက်တော့တဲ့အတွက် အရင်တုန်းထဲက လုပ်ငန်း တဝက်လောက် လျော့လိုက်တဲ့ ထဲမှာ အခုငွေဈေးဟတဲ့အတွက် အနည်းအကျဉ်း လည်ပတ်ရုံလောက်ပဲ လုပ်နိုင်တယ်၊ လုပ်ငန်းတွေကို မှီခိုတဲ့ လုပ်သားတွေကိုလည်း တစ်ဝက်လောက် လျော့ချလိုက်ရတယ်” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိ ဒေါ်လာ လဲလှယ်ဈေးနှုန်းဟာဆိုရင် စစ်တပ်အာဏာမသိမ်းခင်အချိန်က ကျပ် ၁၃၀၀ ဝန်းကျင်မှာသာရှိခဲ့ရမှ အာဏာသိမ်းပြီး ၇ လတာကာလအတွင်း ကျပ် ၁၈၀၀ ကျော်ထိ စံချိန်တင်ဈေနှုန်းမြင့်တက်လာနေပါတယ်။







