သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု မိုင်းကောင်ကျေးရွာရှိ ကိုရင်လေးတစ်ပါးသည် နွားနို့ခိုးသောက်မှုကြောင့် ရိုက်နှက်ခံရပြီး အသက်ဆုံးရှုံးသွားရကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ သြဂုတ် (၂၄) ရက် ည (၈) နာရီဝန်းကျင်တွင် ကိုရင် (၁၇) ပါးသည် နွားနို့ခိုးသောက်ရာမှ ဦးဇင်းတပါးက ဆုံးမရိုက်နှက်မှုကြောင့် အသက် (၉) နှစ်အရွယ်ရှိ ကိုရင်လေးတစ်ပါး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
ထိုရိုက်နှက်ခံရမှုကြောင့် ကိုရင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ညိုမဲစွဲကာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ရိုက်နှက်ခံရပြီးနောက် ခေါင်းကိုက်ဝေဒနာ မကြာခဏ ခံစားရကြောင်း၊ ဝါတွင်းကာလမို့ အိမ်နေပြီး ဆေးဝါးကုသခွင့်မပြုရကြောင်း မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကိုရင်လေးက နို့ခိုးသောက်လို့ ရိုက်ခံရတာတဲ့။ သူ့ကိုရိုက်ထားတာ ခန္ဓာကိုယ်ပေါ်မှာ ညှိမဲနေတာဘဲ။ ပြီးတော့ ခေါင်းကိုက်တယ်လို့ ပြောလို့ ဆေးတိုက်လိုက်တယ်။ ပြီးတော့ ကျောင်းကို ပြန်ပို့ပေးတယ်။ သူဒီလိုမျိုးဖြစ်သွားမယ်လို့ မထင်ဘူး” ဟု မိသားစုဝင်ဖြစ်သူတဦးက ပြောသည်။
ကိုရင်လေးသည် ရိုက်ခံရသည့်အပြင် ဖားခုန်ခုန်ခိုင်သည့်ပြစ်ဒဏ်လည်း ပေးခံရသဖြင့် လမ်းမလျှောက်နိုင်တော့သည့်အဆင့် ရောက်ခဲ့ကြောင်း ရိုက်ခံရပြီးနောက်ပိုင်း ဆေးကုသမှုခံယူရခြင်းမရှိသောကြောင့် ကိုရင်လေးသည် ဩဂုတ်လ (၃၀) ရက်နေ့တွင် လမ်းမလျောက်နိုင်တော့ကြောင်း သိရသည်။
“ကိုရင်က အရင်ကတည်းက တက်တတ်တဲ့ရောဂါရှိတယ်လေ။ အဲလိုရောဂါရှိတဲ့သူက ရိုက်လို့မရဘူးလေ။ ရိုက်ပြီးအိမ်ကိုလာတာ ဆေးကောင်းကောင်းမကုပေးရဘူး။ ၃၀ ရက်နေ့မှ သူခြေထောက်တွေ လမ်းမလျှောက်နိုင်တော့ဘူး။ လေဖြတ်သလိုဖြစ်သွားတယ်” ဟု ဖြစ်ပျက်ခဲ့သည့်အရာများကို မိသားစုဝင်က ပြောသည်။
ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာမှုနှင့် နိုင်ငံရေးအခြေအနေပြောင်းလဲမှုကြောင်း အစိုးရကျောင်းများ ပိတ်ထားသဖြင့် မိဘများက ဘုန်းကြီးကျောင်းသို့ပို့ကာ ကိုရင်ဝတ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကိုရင်လေးက အသက် (၉) နှစ်ပဲရှိသေးတယ်။ ကျောင်းတွေပိတ်ထားလို့ ကိုရင်လာလုပ်တာပေါ့။ (၁) နှစ်ကျော်ပြီး ကိုရင်လာလုပ်တာ။ ဒီလောက်အသက်လေးနဲ့ ဒီလိုရိုက်ဖို့တော့ မသင့်တော်ဘူးလို့ ကျမထင်တယ်။” ဟု ကိုရင်လေး၏ မွေးစားမိခင်က ပြောသည်။
ထိုအပြင် ရိုက်ခံရသော ကိုရင်လေးများကို အိမ်တွင် မတိုင်ကြားရန်၊ တိုင်ကြားပါက ထပ်မံရိုက်ခံရမည်ဟု ဦးဇင်းက ကိုရင်လေးတွေကိုပါ ခြိမ်းခြောက်ခဲ့သေးကြောင်း သိရသည်။
“သူအိမ်လာတုန်းက ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေကို ဓာတ်ပုံရိုက်မယ်လို့ပြောတော့ ကိုရင်လေးက မပေးရိုက်ဘူး။ သူတို့ကို ပြန်သွားပြောရင် ဦးဇင်းက ထပ်ရိုက်မှာဆိုလို့ ခလေးက မပေးရိုက်တော့ ကျမတို့မရိုက်လိုက်ရဘူး။ အဲလိုရိုက်တာတော့မကောင်းဘူးလေ။” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
အဆိုပါကိုရင်သည် စက်တင်ဘာ ၃ ရက်နေ့က ပျံလွန်သွားခဲ့ကြောင်း သိရသည်။
ထို့သို့ ဆုံးသွားပြီးနောက် ကျောင်းထိုင်ဆရာတော်မှ မိဘပြည်သူများရှေ့တွင် “တုတ်နဲ့ရိုက်ပြီးသေသွားတယ်လို့တော့ အဲလိုမထင်စေချင်ဘူး။ သူတို့ နွားနို့ခိုးသောက်လို့ ရိုက်တာတော့ဟုတ်တယ်။ ဒါပေ့မယ့် နို့ကိုမနှမြောဘူး။ ကိုရငးလေးတွေ အကျင့်စရိုက်ပျက်သွားမှာစိုးလို့ ရိုက်နှက်ခဲ့တယ်” ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြောကြားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး ကျောင်းထိုင်ဆရာတော်က ရွာသူကြီး၊ ဂေါပက၊ ရွာသားများကို တဦးချင်းစီ ဘုန်းကြီးကျောင်းတွင် ဆရာတော်၏ လုပ်ရပ်မှားကြောင်း၊ မှန်ကြောင်းကို တဦးချင်းစီပြောခိုင်းခဲ့ကြောင်း မိုင်းကောင် ကျေးရွာဒေသခံတဦးက ပြောသည်။
“ဘုန်းကြီးက ကျောင်းကိုခေါ်သွားတယ်။ ဘုန်းကြီးသူတို့လုပ်ရပ်မှားလား၊ မှန်လားမေးတော့ ဘယ်သူက ဘုန်းကြီးမှားတယ်လို့ ဖြေရဲမလဲ။ ပြီးတော့ တယောက်ချင်းစီမေးသေးတယ်။ အားလုံးက ဘုန်းကြီးမှန်တယ်လို့ပဲ ပြောကြမှာပေါ့လေ။ ခဏနေ ဘုန်းကြီးမှားတယ်ပြောရင် ကျမတို့ ကျောင်းပေါ်က မဆင်းရပဲနေလိမ့်မယ်” ဟု မိုင်းကောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကိုရင်သေဆုံးမှုနှင့်ပတ်သက်ပြီးတော့ ကျောင်းတိုင်ဆရာတော်က ဦးဇင်းရိုက်နှက်မှုကြောင့် သေဆုံးသည်မဟုတ်ကြောင်း၊ ရွာစောင့်နတ်၊ ရေစောင့်နတ်တွေကို ပြစ်မှားမှုကြောင့်၊ ထိုကိုရင်လေး ကိုယ်ခံရောဂါကြောင့် သေဆုံးကြောင်း ပြောဆိုခဲ့သည်။
ယခင်က မိုင်းကောင်ဘုန်းကြီးကျောင်းတွင် နတ်ကိစ္စများကို အယုံကြည်မရှိကြောင်း၊ ထိုသို့ ကိုရင်လေးသေဆုံးပြီးနောက်ပိုင်းတွင် နတ်များကို အပြစ်တင်ပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
ထိုရိုက်နှက်ခဲ့ခြင်းသည် အမှန်ရိုက်ခဲ့ကြောင်း ကျေးသီးမြို့နယ် ကျောင်းခမ်းဆရာတော်တပါးက မိန့်သည်။
“ရိုက်တာတော့ ရိုက်တာပေါ့နော်။ ဒါမဲ့ ဘယ်လိုဖြစ်လည်းဆိုတာတော့ ဘုန်းဘုန်းတို့ အသေးစိတ်မသိရဘူး။ ခုန စကားပြောကြည့်တာတော့ ရိုက်တာတော့ရိုက်တယ်တဲ့။ အဲကလေးက ၃၀ ရက်မတိုင်ခင်က သွားလည်သေးတယ်လို့ပြောတယ်။” ဟု ကျေးသီးမြို့နယ် ကျောင်းခမ်းကျောင်းတိုက်မှ သံဃာတော်တပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။
ထိုသို့ ကိုရင်လေးကို ဆုံးမရာတွင် အသက်ဆုံးရှုံးသည့်အထိ ဆုံးမခြင်းသည် လူအခွင့်ရေးချိုးဖောက်ခြင်း၊ ဥပဒေနဲ့ ကိုက်ညီမှုမရှိကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃနာယကဥက္ကဌ ဆရာတော် ဦးဉာဏသီရိက သုံးသပ်သည်။
“ဆရာတော်တို့လည်း အသေးစိတ်စုံစမ်းနေသေးတယ်။ တကယ်လို့ ရိုက်ပြီးသေသွားအထိဖြစ်ခဲ့ရင် မကောင်းဘူး။ ဥပဒေနဲ့မကိုက်ညီဘူး။ တခြားကိစ္စရောဂါတွေကြောင့် သေရင်တော့ တစ်ခြားအမှုပေါ့။ အခုက ရိုက်ခံရလို့သေတာလား။ ရိုက်ခံရပြီးနောက် တခြားကိစ္စကြောင့်နဲ့ သေတာလား။ ဘုန်းဘုန်းတို့ အခုစုံစမ်းနေသေးတယ်” ဟု သျှမ်းပြည်အရှေ့ပိုင်း သံဃနာယကဥက္ကဌ ဆရာတော် ဦးဉာဏသီရိက မိန့်သည်။
အလားတူ ပင်လုံမြို့ ကျောင်းတိုက်တတိုက်မှ စာချဆရာတော် တပါးကလည်း “ဘုန်းဘုန်းတို့လည်း အသေးစိတ်မသိရသေးဘူး။ အချက်အလက်မမှန်ကန်ဘဲ ဒီလိုလူမှုကွန်ယက်ပေါ်မှတင်တာလည်း မလုပ်သင့်ဘူး။ သံဃာတော်တွေရဲ့ နာမည်မကောင်းဘူး။ ပုထုဇဉ်ပဲလေနော်။ ဒေါသတွေပါမှာလည်းဖြစ်နိုင်တယ်။ ဒီလိုတွေ့တာ စိတ်မကောင်းဖြစ်မိတယ်” ဟု ပင်လုံမြို့ မွေတော်ကျောင်းတိုက် ဆရာတော်က မိန့်သည်။
ထိုကိုရင်လေးကိုရိုက်သည့် ဦးဇင်းသည် ဘွဲ့အမည် ဉီးဣန္ဒောဖြစ်ပြီး မိုင်းကောင်ကျေးရွာအုပ်စု မတ်ဟူကျေးရွာတွင်နေထိုင်ကာ လက်ရှိတွင် မိုင်းကောင်ဘုန်းကြီးကျောင်းတွင်သာ နေထိုင်လျက်ရှိကြောင်း သိရသည်။







