နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ရခိုင်ပြည်နယ်) ကို ဖျက်သိမ်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ရခိုင်ပြည်နယ်) ကို ဖျက်သိမ်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ရခိုင်ပြည်နယ်) ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဟု သိရသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၃ ဦးရှိသော်လည်း အတွင်းရေးမှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၅) ဦးမှာ သေဆုံးသွားကြပြီဖြစ်၍ အဖွဲ့၏ လုပ်ဆောင်ချက်များကို မလုပ်နိုင်ဖြစ်နေသည့်အတွက် စက်တင်ဘာလ ၇ ရက်မှစတင်ကာ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု အဖွဲ့ဥက္ကဋ္ဌ ဦးအေးကျော်က ပြောသည်။

“ဘာကြောင့်ဖျက်လိုက်ရသလဲဆိုရင် လူမရှိတော့လို့ပါ။ အတွင်းရေးမှူးအပါအဝင် အရေးကြီးသူတွေ ၅ ယောက် သေဆုံးသွားကြတယ်။ သေဒဏ်ပေးခံရသူလည်းရှိတယ်။ ကျနော်က အသက်ကလည်း ၉ဝ ဖြစ်နေပြီ။ ပြီးတော့ အခုက ကိုဗစ်ကြောင့် ကျနော်လည်း အပြင်ကို လုံးဝမထွက်နိုင်ဘူး။ ရုံးကိုတောင် မရောက်ဖြစ်ဘူး။ ဒါကြောင့် ကျနော်လည်း ဘာမှမလုပ်နိုင်ဘူး။ လူလည်းမရှိဘူး။ ဒါကြောင့် ဖျက်သိမ်းလိုက်တာပါ။”ဟု ဦးအေးကျော်က နိရဥ္စရာကိုပြောသည်။

အဆိုပါအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် ရခိုင်ပြည်တွင်းမှ လုပ်နိုင်ကိုင်နိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် အမှုဆောင်ကော်မတီသစ်တစ်ခုကို စနစ်တကျ ပြန်လည်ဖွဲ့စည်းသွားဦးမည်ဟုလည်း ဆိုသည်။

“ဟိုလူတွေက ၂ဝ၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတယ်။ ၂၃ မတိုင်ခင် နိုင်ငံရေအးအခြေအနေပေါ်မူတည်ပြီးတော့ ကျနော်တို့က ဒီအဖွဲ့ကို ထပ်ဖွဲ့မယ်။” ဟု ဦးအေးကျော်က ဆိုသည်။

အဆိုပါအဖွဲ့ကို ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် စစ်တွေရှိ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း၌ အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ ၅ နှစ်ခန့်ကြာမြင့်ခဲ့သော်လည်း ရခိုင်ပြည်အကျိုးအတွက် လုပ်ဆောင်ခဲ့မှုမျိုး တစ်ခုမျှ မရှိခဲ့ဟုလည်း အဖွဲ့၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးမြတ်ထွန်းက ပြောသည်။

“လုပ်ဆောင်ချက် တစ်ခုမှမရှိခဲ့ဘူး။ တစ်ခုမှမရှိခဲ့ဘူးဆိုတာက ဘာကြောင့်ဆို အဖွဲ့ရဲ့ ဖွဲ့စည်းပုံလည်း မရှိဘူးလေ။” ဟု ပြောသည်။

အဆိုပါအဖွဲ့၏ ရုံးသည် စစ်တွေရှိ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေးလမ်းတွင် ရှိသည်ဟုလည်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...