စစ်တွေမြို့မှ သိန်းထောင်ကျော်တန်အိမ်ခြံမြေများ အရောင်းအဝယ်မဖြစ်ဘဲရှိနေ

စစ်တွေမြို့မှ သိန်းထောင်ကျော်တန်အိမ်ခြံမြေများ အရောင်းအဝယ်မဖြစ်ဘဲရှိနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သိန်းထောင်ကျော်တန်အိမ်ခြံမြေများမှာ အရောင်းအဝယ်လုံးဝမဖြစ်ဘဲရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

လက်ရှိ စစ်တွေမြို့တွင် အိမ်ခြံမြေများကို စျေးအဆမတန်မြှင့်ပြီး ရောင်းချနေကြသော်လည်း အရောင်းအဝယ်ပိုင်းတွင် ရောင်းအားမကောင်းသည့် အနေအထားတွင်ရှိသလို တချို့နေအိမ်များမှာ ကျပ်သိန်းတစ်သောင်းအထိမြှင့်ပြီး ရောင်းချမှုများလည်းရှိနေကြောင်းလည်း သိရသည်။

စစ်တွေမြို့၏ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရူပမြောက်၊ ရူပတောင်၊ မိဇံ၊ ပြည်တော်သာ၊ ဘောက်သီးစု၊ ကျောင်းတက်လမ်း၊ တရားသီးစု၊ မြို့သူကြီး၊ မောလိပ်၊ စံပြ စသည့်ရပ်ကွက်များတွင် အိမ်ခြံမြေစျေးနှုန်းများ အဆမတန်မြင့်တက်လာနေခြင်းဖြစ်သည်။

ယခုကဲ့သို့ အိမ်ခြံမြေစျေးနှုန်းအဆမတန်မြင့်မားလာခြင်းကြောင့် အရောင်းအဝယ်ပိုင်းတွင် ကျဆင်းသွားကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူ ဦးဆန်ရှားမောင်ကပြောသည်။

“အရောင်းအဝယ်ကတော့ မဖြစ်ပါဘူး။ ၂၀၂၀ ကနေ့ အရောင်းအဝယ်က တော်တော်များများရပ်သွားပါတယ်။ အော်တော့အော်နေကြတာပါပဲ။ စျေးကတော့ ဟိုလိုတောင်းဒီလိုတောင်း အော်နေကြတာပါပဲ” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့မှ တရားသီးစုရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်၊ စံပြရပ်ကွက်နှင့် မြို့သူကြီးရပ်ကွက်တို့တွင် ၂၀၁၅ ခုနှစ်က ပေ (၄၀ × ၆၀) မြေတစ်ကွက်လျှင် သိန်းတစ်ထောင်ကျော်ခန့်ရှိပြီး ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ယင်းကဲ့သို့ မြေကွက်တစ်ကွက်ကို သိန်း ၃၀၀၀ ကျော်အထိ စျေးခေါ်ရောင်းချမှုများရှိလာကြောင်း သိရသည်။

တဖက်တွင်လည်း မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေကြောင့် ပြည်မသို့ရောက်ရှိနေကြသည့် ရခိုင်များမှာ ရခိုင်ပြည်သို့ပြန်လာပြီး အခြေချနေထိုင်လာမှုများကြောင့် အိမ်ခြံခြေစျေးများ မြင့်တက်နိုင်ကြောင်းလည်း ရခိုင်စီးပွားရေးဦးဆောင်အများပိုင်ကုမ္ပဏီလီမိတက်မှ မန်နေဂျာ ဦးခင်မောင်ကြီးကပြောသည်။

“NUG က D Day ဆိုပြီးတော့ ပြည်သူ့တော်လှန်ရေးလုပ်လိုက်တာကြောင့် ဗမာပြည်ဖက်မှာရှိနေတဲ့ ရခိုင်ကလူတွေက အဲဒီဖက်မှာမငြိမ်မသက်ဖြစ်ပြီးတော့ ဒီမှာရှိတဲ့ ကိုယ့်ဆွေးမျိုးတွေနဲ့ပြောပြီးတော့ နေရာတွေဝယ်လာနိုင်တယ်ပေါ့၊ အဲဒီလိုအခြေအနေမျိုးမှာကျတော့လည်း ရောင်းမယ့်လူတွေကတော့ စျေးရချင်တဲ့အတွက်ကြောင့် စျေးတင်တာလည်းရှိလာနိုင်ပါတယ်” ဟု ဆိုသည်။

“အစော” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းမှ ဒေါ်ခိုင်သီတာစောက နေအိမ်ဝယ်ယူသူများမှာ လမ်းမပေါ်ရှိနေအိမ်များကိုလိုချင်ကြသည့်အတွက် စျေးအဆမတန်ပေးပြီးဝယ်ယူကြ၍ အိမိခြံမြေစျေးနှုန်းမြင့်လာခြင်းဖြစ်ကြောင်း ဆိုသည်။

“ဝယ်တဲ့လူတွေက လမ်းမထက်မှာလိုချင်တဲ့အခါကျတော့ ကာလပေါက်စျေးထက် အပိုပေးပြီးတော့ဝယ်ကြတယ်။ နောက်ပိုင်းကျ ဘေးအိမ်ကလူတွေက ငါ့တို့အိမ်ကနည်းနည်းပိုကောင်းတော့ ခြောက်ထောင်ရမှဖြစ်မယ်။ ခြောက်ထောင်နဲ့ဝယ်ပြီးတော့ ရောင်းတဲ့လူက ခုနှစ်ထောင်ရမှဖြစ်မယ်။ အဲဒီလိုနဲ့ဖြစ်သွားတာပါ” ဟု ၎င်းကပြောသည်။

လတ်တလောတွင် စစ်တွေမြို့ ဆတ်ရိုးကျ၊ ကယ်ဆယ်ရေးရပ်ကွက်များမှ သိန်းတစ်ရာဝန်းကျင် အိမ်ခြံမြေအချို့သာ အရောင်းအဝယ်အနည်းငယ်ဖြစ်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင် ဦးဆန်းရှားမောင်ကပြောသည်။

“သိန်းတစ်ရာဝန်းကျင်၊ သိန်းနှစ်ရာဝန်းကျင် အဲဒီစျေးတွေကပဲ နည်းနည်းအရောင်းအဝယ်ဖြစ်တယ်။ အကြီးတွေကတော့ မရှိသလောက်ပေါ့၊ ပါးပါတယ်။ စျေးထောင်ကျော်ရင်တော့ အရောင်းအဝယ်မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်၌ အိမ်ခြံမြေစျေးနှုန်းများမှာ ပြီးခဲ့သည့်ငါးနှစ်ကာလထက် သုံးဆကျော်အထိမြင့်တက်လာခြင်းဖြစ်ပြီး စျေးနှုန်းထိန်းညှိနိုင်ရန်အတွက် ပြည်နယ်အစိုးအဖွဲ့အနေဖြင့်အခက်အခဲများရှိသည်ဟု ယခင် NLD အစိုးကလက်ထက်က ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက DMG ကို ပြောဆိုထားသည်။

လွန်ခဲ့သည့်နှစ်များက စစ်တွေမြို့ မင်းဂံရပ်ကွက် အိမ်၊ ခြံ မြေစျေးလောက်သာ စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ စစ်တွေမြို့က နေရာအားလုံးနီးပါး၌ အိမ်၊ ခြံမြေစျေးများ မြင့်တက်လာခြင်းဖြစ်သည်။

တဖက်မှာလည်း ဘဏ်လုပ်ငန်းအခက်အခဲများကြောင့် ငွေထုတ်ယူရာ၌ အဆင်မပြေမှုများရှိနေ၍ အိမ်ခြံမြေစီပွားရေးလုပ်ငန်းမှာလည်း ထိခိုက်မှုများရှိနေကြောင်း သိရသည်။

 
 

 

 

May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...
May 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့်အနီးတစ်ဝိုက်ကို...
၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...