နှစ်စဥ်ရေနစ်မြုပ်လေ့ရှိသော ဟံဂံကျေးရွာသို့ မဂဒူးအဖွဲ့ ပျိုးပင်များသွားရောက်လှူဒါန်း

နှစ်စဥ်ရေနစ်မြုပ်လေ့ရှိသော ဟံဂံကျေးရွာသို့ မဂဒူးအဖွဲ့ ပျိုးပင်များသွားရောက်လှူဒါန်း

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်ရေးအမြင် ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ နှစ်စဥ်မိုးရာသီကာလရောက်တိုင်း ရေနစ်မြုပ်လေ့ရှိသော ရေးမြို့နယ် ဟံဂံကျေးရွာသို့ မဂဒူး MACDO အဖွဲ့မှ နှစ်ရှည်သစ်ပင်ပျိုးပင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  

“ဒီရွာတွေက မြေနိမ့်ပိုင်းဖြစ်တဲ့အတွက် နှစ်တိုင်းလိုလို မိုးရွာတာနဲ့ ရေလွှမ်းမိုးတဲ့ ဒဏ်ကိုခံနေရတယ်။ ဒီလိုအပင် ပျိုးပင်တွေကို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကို ဒေသခံတွေနားလည်သဘောပေါက်လာပြီး သစ်ပင်တွေဟာ သဘာဝဘေးအန္တရယ်ကို ကာကွယ်ပေးနိုင်တဲ့ အမြင်ကိုရစေတယ်” ဟု မဂဒူး (MACDO) အဖွဲ့ခေါင်းဆောင် မိဖြူက ပြောသည်။

ကျွန်းသစ်၊ ပျဉ်းကတိုး၊ သင်္ဃန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့် ပျိုးပင် (၆၀၀) ကို ဟံဂံကျေးရွာအနှံ့ လူစည်ကားသည့် နေရာများပါမကျန် မော်တော်ကားဖြင့် လှည့်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။

“အရင်တုန်းကဆို ဒေသခံများနဲ့အတူ ကျမတို့ဦးဆောင်ပြီး အပင်တွေ စိုက်ပျိုးခဲ့တယ်။ အခုအစီအစဥ်မှာက တစ်အိမ်ကို ပျိုးပင် (၄) ပင်ပေးပြီး သူတို့စိုက်ချင်တဲ့နေရာ စိုက်ကြဖို့ပါ” ဟု ၄င်းကဆက်ပြောသည်။

ယနေ့ (စက်တင်ဘာ ၉ ရက်) တွင် မန်ကျည်းကျေးရွာသို့ မဂဒူး MACDO အဖွဲ့မှ နောက်ထပ်ပျိုးပင် (၆၀၀) သွားရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

လိုက်ပါကူညီနေသည့် ခေတ်သစ်လူငယ် အဖွဲ့ဝင်တစ်ဦးက “အပင်တွေကို သူတို့အိမ်အကြား၊ ခြံနဲ့ လမ်းဘေးတွေမှာ စိုက်ကြတယ်။ အချို့က လမ်းအတွက် အရိပ်ရဖို့စိုက်တယ်။ တချို့အပင်တွေကြီးလာရင် ပရိဘောဂပစ္စည်းလုပ်လို့ရတယ်၊ အပင်တွေများလာရင် ရေလွှမ်းမိုးဒဏ် အလိုလိုလျော့ကျပါလိမ့်မယ်” ဟု ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဟံဂံကျေးတွင် လူဦးရေ ၉၀၀၀ ကျော်ရှိပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိကြောင်း သိရသည်။

 
 

 

 

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...