သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ ကာလတွင် ဆိုင်ကယ်ခိုးယူလုယက်မှု ယခင်ထက် ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။
ယမန့်နေ့ စက်တင်ဘာ ၅ ရက် သျှမ်းမြောက်လာရှိုးမြို့တွင်လည်း ဆိုင်ကယ်ခိုးယူလုယက်ခဲ့ပြီး ပြည်သူတဦး ဓားဖြင့် ခေါင်းကို ခုတ်ခံထားရကြောင်းသိရသည်။
“ခုတလော ခိုးယူတာမဟုတ်တော့ဘူး။ ဓားနဲပါခုတ်ပြီး လုယူသွားတာ။ အရင်ထက်ပိုဆိုးတယ်။ မနေ့ကလည်း လူငယ်ပဲထင်တယ်။ ခေါင်းကို ဓားနဲခုတ်ခံရတာ။ ခိုးယူတဲ့သူကိုတော့ တယောက်ပဲဖမ်းနိုင်သေးတယ်လို့ကြားတယ်။ သေချာလာတော့မသိဘူး” ဟု လာရှိုးမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ထိုအပြင် ကိုဗစ် ၁၉ ကာလတွင် ပြည်သူများက ယခင်ထက် စားဝတ်နေရေး ပိုခက်ခဲလာသောကြောင့် အိမ်တွင်းခိုးဖောက်မှုများ၊ ခိုးယူမှုများ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာကြောင်း သိရသည်။
လာရှိုးမြို့တွင် ယခင်က ခိုးယူမှု မရှိသလောက်နည်းပါးခဲ့ပြီး ယခုရက်ပိုင်းတွင် ခိုးယူမှုကြောင့် ပြည်သူများတချို့ သိန်း (၃၀၀) အထိ ခိုးခံရကြောင်းသိရသည်။
“ကျနော်တို့ မှတ်မိသလောက်တော့ ၇ လပိုင်းကနေ ပိုဆိုးလာတယ်။ တချို့အိမ်တွေဆိုရင် သိန်း (၃၀၀) လောက်ခိုးခံရတာရှိတယ်။ ဆိုင်ရှင်တွေဆိုလည်း ၁၅ သိန်းလောက်ပါသွားတာရှိတယ်။ ခုတလော ခိုးယူမှုကများလာတယ်။ ရက်တိုင်းလိုလိုဖြစ်နေတာပေါ့” ဟု အထက်ပါ လာရှိုးမြို့ ဒေသခံတဦးက ပြောသည်။
အလာတူး သျှမ်းရှေ့ တာချီလိတ်မြို့တွင်လည်း ယခင်ထက် ဆိုင်ကယ်ခိုးယူမှုသည် ပိုမိုများပြားလာကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ပုံမှန်ဆိုင်ကယ်ခိုးယူမှုများရှိနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသည့် ရဲများက ဖမ်းဆီးရမှုများမရှိကြောင်း သိရသည်။
“ဟုတ်တယ်။ အခုတလောပိုများလာတယ်။ စိုးရိမ်နေကြရတယ်။ ရက်တိုင်းလိုလို ခိုးနေတာ။ အိမ်ရှေ့မှာ လူမရှိရင် လည်းပျောက်ပြီ။ ခိုးတာကတော့ အရင်ကထက်ပိုများလာတယ်။ ပြီးတော့ ရဲတွေကို သွားတိုင်လည်း တခါမှမရဘူး။ သူတို့လည်း မဖမ်းမိနိုင်ကြဘူး။ CCTV သွားပြလည်း သူတို့မဖမ်းနိုင်ဘူး” ဟု တာချီလိတ်မြို့ ဒေသခံတဦးကပြောသည်။
လက်ရှိမှာ စားဝတ်နေရေး ခက်ခဲလာသည့်အတွက် လုယက်ခိုးယူမှု များပြားလာကြောင်းလည်း သိရသည်။
“အခုကဆိုင်တွေက ညထိဖွင့်တယ်လေနော်။ ကျနော်တို့လည်း စားဝတ်နေရေးကလည်းခက်ခဲတယ်။ ကိုဗစ်လည်းကြောက်ရတယ်။ အခုက ခိုးယူမှုပါများလာတော့ ပိုပြီးစိုးရိမ်တာပေါ့။ ဒါကို အစိုးရတွေကလည်း မဖြေရှင်းပေးနိုင်ဘူး။ ကျနော်တို့ ပိုပြီးသတိထားနေရတယ်” ဟု တာချီလိတ်မြို့ ဒေသခံတဦးကပြောသည်။
အလားတူ လာရှိုးမြို့ ဒေသခံတဦးကလည်း “ကျနော်တို့ ညဆို တယောက်ထဲ အပြင်မသွားတာကောင်းတယ်။ ဆိုင်တွေဆိုလည်း ညထိဖွင့်ရင်လည်း အန္တရာယ်များတယ်။ အိမ်မှာနေရင်လည်း လူများများနဲနေမှလေနော်။ ကြောက်ရတယ် အခုက။ သူခိုး၊ ဓားပြတွေ အရမ်းများလာတယ်” ဟု ၎င်းကဆိုသည်။
ကိုဗစ်-၁၉ နှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း သျှမ်းပြည်တဝှမ်းတွင် နေ့စဉ်နဲ့အမျှ ခိုးမှု၊ လုယက်မှုများရှိနေသော်လည်း သက်ဆိုင်ရာမှ တစုံတရားဝင်ရောက်ဖြေရှင်းပေးခြင်း အရေးယူပေးခြင်းမရှိခဲ့ပေ။







