ကိုဗစ်ချေးငွေတွေကို စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီ ဖိအားပေး

ကိုဗစ်ချေးငွေတွေကို စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီ ဖိအားပေး

NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို အတိုးရောအရင်းပါ စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပြီး လုပ်ငန်းမလည်ပတ်နိုင်လို့ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ စီးပွားရေးထိခိုက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့အတွက် NLD အစိုးရလက်ထက်မှာ ကိုဗစ်ချေးငွေ ကျပ် ဘီလီယံ (၂၀၀) ကျော်ကို ထုတ်ချေးပေးခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဈေးကွက်စနစ် ပျက်စီးခဲ့လို့ အသေးစား အလတ်စားလုပ်ငန်း အမြောက်အများ ရပ်ဆိုင်းခဲ့ရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ချေးငွေတွေကို အတိုးရောအရင်းပါ စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ ညွှန်ကြားထားပြီး SME လုပ်ငန်းရှင်တွေကတော့ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

“အခက်အခဲက အလုပ်မလုပ်ရတာ (၁) နှစ်လောက်ရှိသွားပြီး၊ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကာလဆိုတော့ ပိတ်ထားတာလေ၊ ဘာမှလုပ်လို့မရဘူး၊ အလုပ်မလုပ်ဘူးဆိုတော့ လုပ်ငန်းကို မလည်ပတ်တော့တာပေါ့၊ စားဝတ်နေရေးတောင် မနည်းဖြေရှင်းနေရတယ်၊ ချေးငွေဆက်ဖို့ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့ဗျာ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချေးငွေထုတ်ချေးစဉ်က လုပ်ငန်းလည်ပတ်ဖို့အတွက် ထုတ်ချေးခဲ့တာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါအခြေအနေ ရှည်ကြာလာတဲ့အတွက် လုပ်ငန်းမလည်ပတ်နိုင်သလို ဝန်ထမ်းလစာတွေနှင့် အခွန်အခတွေကြောင့် ချေးငွေတွေ အကုန်အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အတိုးရောအရင်းရော ပြန်ဆပ်ခိုင်းတာထက်စာရင် ကနဦးအနေနှင့် အတိုးတွေကို အရင်ဆပ်ခိုင်းတာမျိုးပဲ လုပ်စေချင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ပထမအဆင့်က အများဆုံးအားဖြင့်ကတော့ အတိုးသွင်းနိုင်အောင် ပထမဆုံး ဦးစားပေးရမယ်၊ အရင်းမဆပ်နိုင်ရင်တောင်မှ အတိုးတော့ သွင်းပေးရမယ်၊ ဒီကာလမှာတော့ SME ချေးငွေကို ပြန်ဆပ်ခိုင်းတယ်ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့၊ ကုန်သည်တွေ အလုပ်စလုပ်လို့ လုပ်ငန်း လည်ပတ်လာတဲ့အခါကျတော့မှ ချေးထားတဲ့ပိုက်ဆံ ပြန်ပေးပါဆိုရင်တော့ အကျိုးရှိတာပေါ့ဗျာ၊ အခုက ကျတော့လုပ်ငန်းက မလုပ်ရသေးတာလေ အဲ့ဒီအချိန်ကျတော့ အခက်အခဲရှိသွားတာပေါ့” လို့ SME လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ ချေးငွေတွေကို စက်တင်ဘာလအတွင်း ပြန်မဆပ်ရင် တည်ဆဲဥပဒေတွေနှင့်အညီ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ အသေးစားနှင့် အလတ်စားလုပ်ငန်း (၂၀၀၀၀) ကျော်ရှိပြီး အဆိုပါလုပ်ငန်းတွေကို မှီခိုနေတဲ့ အလုပ်သမားတွေက သိန်းနဲ့ချီရှိနေပါတယ်။

 
 

 

 

April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...