ယာဉ်ထိန်းရဲ အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရန်ပွဲကိုဝင်တားသည့်ရဲ ပစ်သတ်ခံရ

ယာဉ်ထိန်းရဲ အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရန်ပွဲကိုဝင်တားသည့်ရဲ ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ ရန်ပွဲကိုဝင်တားသည့်ရဲ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၅) ရက် ည ၁၀ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့ရှိ ယာဉ်ထိန်းရဲရုံးစခန်းအတွင်းတွင် ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရန်ပွဲကို ဝင်ရောက်တားမြစ်သည့် ရဲတပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း လောက်ကိုင်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က မူးနေကြတာထင်တယ်၊ စခန်းအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ကြိမ်းမောင်းပြီးတော့ သတ်ပုတ်ကြသေးတယ်၊ ပြီးတော့ ခုသေသွားတဲ့တစ်ယောက်က ဝင်တားတာ၊ ကုလားကြီးလို့ခေါ်တဲ့ရဲက သူ့ခါးကသေနတ်နဲ့ ပစ်လိုက်တာ တစ်ချက်တည်းပဲ၊ သူကလည်း ပွဲချင်းပြီး သေသွားတယ်” စခန်းနှင့်နီးစပ်သူ လောက်ကိုင်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခု သေဆုံးသွားသူသည် အသက် ၄၀ အရွယ်ရှိ လောက်ကိုင်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးလှမင်းအောင်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အရှေ့ပိုင်းက လောက်ကိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင်လည်း ဦးလှမင်းအောင်က သေနတ်ပစ်ခံခဲ့ရဖူးကြောင်း ၎င်း၏ မိတ်ဆွေဖြစ်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“သူ့ (ဦးလှမင်းအောင်) သူငယ်ချင်းက Facebook မှာ ရေးတင်ထားပုံအရဆိုရင် ဦးလှမင်းအောင်က ပြီးခဲ့တဲ့ ၂၀၁၈ မှာလည်း သေနတ်ပစ်ခံရဖူးတယ်တဲ့၊ ပြီးတော့ ဦးလှမင်းအောင်ကို သေနတ်နဲ့ မသေနိုင်တော့ဘူးလို့တောင် ပြောကြတယ်တဲ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြန်လည်ပြောပြထားပါသည်။

စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲအချင်းချင်း ခိုက်ရန်ဖြစ်ပွားသည့်ရန်ပွဲကို ဝင်တားပြီး သေဆုံးသွားရသည့် ဦးလှမင်းအောင်၏ ရုပ်အလောင်းကို လောက်ကိုင်မြို့အခြေစိုက် ဂရုဏာဟဒယ လူမှုကူညီရေးအသင်းက သယ်ဆောင်ကာ သုဿန်တွင် မီးရှို့သင်္ဂြိလ်ပေးခဲ့ကြောင်းလည်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...