တစ်နှစ်ခန့်အကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦးအတွက် ပညာသင်ကြားရေး နစ်နာမှုရှိနေ

တစ်နှစ်ခန့်အကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦးအတွက် ပညာသင်ကြားရေး နစ်နာမှုရှိနေ

ဖမ်းဆီးတရားစွဲဆိုခံရပြီး တစ်နှစ်ခန့်ကြာသည်တိုင် အမိန့်မချနိုင်သေးသည့် ရခိုင်ကကျောင်းသားလေးဦးအတွက် ပညာသင်ကြားရေး နစ်နာမှုများရှိနေကြောင်း မိသားစုဝင်များနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

ရခိုင်က ကျောင်းသားလေးဦးတို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံရပြီး အကျဉ်းထောင်မှနေ၍ တရားရင်ဆိုင်နေရသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

ကျောင်းသားလေးဦးကို စွဲဆိုထားသည့်အမှုများမှာ စွဲချက်အမိန့်ချရန်သာ ကျန်တော့သော်လည်း လက်ရှိအချိန်ထိ အမိန့်မချသေးသည်မှာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ရှုမြင်သည်။

“သူတို့ (ကျောင်းသား) တွေနဲ့ပတ်သက်ပြီး နောက်ဆုံးတရားရေး ဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုက အမိန့်ချဖို့တစ်ခုတည်းကျန်တယ်။ ဒါပေမယ့် အမိန်ချမယ့်အချိန်ကိုမရောက်ခဲ့ဘဲနဲ့ အကြောင်း အမျိုးမျိုးပြပြီး ရုံးချိန်းတွေရွှေ့ဆိုင်းတယ်။ နောက်ကိုဗစ်ကလည်း ကြားကဝင်တော့ ကျနော်တို့ကျောင်းသားတွေရဲ့ ရုံးချိန်းတွေကို နှောင့်နှေးအောင်လုပ်လိုက်တာဖြစ်တယ်။ ဒါကရွယ်ရည်ချက်ရှိရှိလုပ်နေတာလို့မြင်တယ်” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက ပြောသည်။

အဆိုပါ ရခိုင်ကကျောင်းသားလေးဦးအမှုကို တစ်နှစ်နီးပါးကြာသည့်တိုင်အောင် အမိန့်မချနိုင်သေးသည့်အတွက် ကျောင်းသားများ၏ပညာရေးတွင် နစ်နာမှုများရှိနေသည်ဟုလည်း ကိုကျော်ငြိမ်းထွန်းက ဆိုသည်။

“ကျောင်းသားဆိုတော့ ပညာရေးကအဆိုးရွားဆုံးနစ်နာချက်ပေါ့။ ပြီးရင် သူတို့နဲ့အတူတက်ခဲ့တဲ့ တခြားကျောင်းသားတွေဆိုရင် ဘွဲ့တွေရပြီး အလုပ်ခွင်တွေရောက်နေကြပြီဖြစ်တယ်။ ဒါပေမယ့် အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်တာကိုခံရတဲ့ကျောင်းသားတွေက ထောင်ထဲကို ရောက်နေကြရတယ်။ ဆိုတော့ ပညာရေးပိုင်းမှာ တအားနစ်နာတယ်” ဟု ၎င်းကပြောသည်။

တရားစွဲဆိုခံထားရပြီး စစ်တွေအကျဉ်းထောင်ထဲတွင်ရှိနေသည့် ကျောင်းသားလေးဦးတို့မှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့့့်အချက်များကို စစ်တွေမြို့အတွင်း လှည့်လည်ကာတောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သဖြင့် ကျောင်းသားလေးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံထားရသည့်ကျောင်းသားများကို အချိန်အကြာကြီး အမိန့်မချဘဲချုပ်နှောင်ထားခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု ဖမ်းဆီးတရားစွဲခံထားရသည့် ကိုကျော်နိုင်ဌေး၏ အကိုဖြစ်သူ ကိုကျော်မင်းဌေးက ပြောသည်။

“သူတို့တွေကို ဒီလိုပဲအချိန်အကြာကြီးဆွဲပြီး ချုပ်ထားစေချင်တာလား။ မေးခွန်းထုတ်စရာဖြစ်တယ်။ ဒီကျောင်းသားတွေရဲ့အမှုက ခိုးမှု၊ မုဒိန်းမှုလည်းမဟုတ်ဘူး။ ပြည်သူဘက်ကရပ်တည်ပြီးတော့ တကယ့်အပြင်မှာ လူသားတွေခံစားနေရတာတွေကို ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အုပ်ချုပ်တဲ့အစိုးရကို တောင်းဆိုဆန္ဒထုတ်ဖော်တဲ့လုပ်ရပ်ဖြစ်တယ်။ အဲဒီလုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် သူတို့ဆီမှာအပြစ်မရှိဘူး။ ဒီကိုဗစ်တွေလျော့ကျသွားတဲ့အချိန်မှာ ရုံးတွေဖွင့်လှစ်တဲ့အချိန်မှာ အမြန်ဆုံးအမိန့်ချပြီးအကောင်အထည်ဖော်ပေးချင်တယ်” ဟု ကိုကျော်မင်းဌေးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ရုံးချိန်းတွင် စစ်တွေမြို့နယ်တရားရုံးပရဝုဏ်အတွင်း ရခိုင်ကျောင်းသားလေးဦးတို့က မိမိတို့ကို အမိန့်ချက်ချင်းချပေးရန်အပါအဝင် အကြမ်းဖက်ဥပဒေနှင့် တရားစွဲဆိုခံထားရသောအမှုများကို ဆိုင်းငံ့ထားခြင်းအား ချက်ချင်းအမိန့်ချပေးရေးတို့ကို တောင်းဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့သေးသည်။

လက်ရှိတွင် ကိုဗစ်ကြောင့် တရားရေးဆိုင်ရာကိစ္စရပ်များကို ရပ်ဆိုင်းထားခြင်းမှာ အာမခံမရဘဲ အချုပ်ခန်းမှတစ်ဆင့် အမှုရင်ဆိုင်နေရသည့် တရားစွဲဆိုခံထားရသူများအတွက် နစ်နာမှုရှိနိုင်သည့်သဖြင့် မည်သည့်ပုံစံဖြင့် ရုံးထုတ်စစ်ဆေးမည်ကို စဉ်းစားသင့်ကြောင်း ရှေ့နေများက ထောက်ပြပြောဆိုကြသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...