အင်းလေးဒေသ လူစုလူဝေးဈေးရောင်းမှု ကိုဗစ်ပျံ့နှံ့မှာ စိုးရိမ်

အင်းလေးဒေသ လူစုလူဝေးဈေးရောင်းမှု ကိုဗစ်ပျံ့နှံ့မှာ စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လူစုလူဝေးဖြင့် ဈေးရောင်းချမှုများ ရှိနေသည့်အတွက် ကိုဗစ်ရောဂါ ပိုမိုပျံ့နှံ့မှာကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ပိုးကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ ဈေးပိတ်ထားသော်လည်း လူစုလူဝေးဖြင့် ဈေးရောင်းချနေမှုပြုလုပ်လာကြတာဖြစ်ကြောင်း သိရသည်။

“စည်ပင် သတ်မှတ်ထားတဲ့ဈေးက ပိတ်ထားတယ်၊ ဒါပေမယ့် အဲဒီဈေးဧရိယာရဲ့ အပြင်ဘက်မှာ၊ လမ်းဘေးတွေမှာ ကိုယ့်သဘောနဲ့ကို စုပြီး ရောင်းချနေကြတာ၊ ဒီ (၂) ပတ်အတွင်းမှာ အရမ်းကို များလာတော့ ကိုဗစ်ပိုး ပိုမိုပျံ့နှံ့မှာကို စိုးရိမ်တယ်” ဟု အင်းလေးဒေသအတွင်း လူမှုကူညီရေးဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့က အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်ကို Stay at home မြို့နယ်အဖြစ် သတ်မှတ်ပြီးနောက် လူစုလူဝေးဖြစ်နိုင်သည့် ဈေးနှင့် ပွဲလမ်းသဘင်ကျင်းပခြင်းများကို ပိတ်ထားခဲ့တာဖြစ်ကြောင်း သိရသည်။

သို့သော် ယခုရာသီသည် ခြံထွက်သီးနှံပေါ်ချိန်ဖြစ်သည့်အတွက် စားဝတ်နေရေးခက်ခဲနေမှုများကို ဖြေရှင်းရန် ဈေးရောင်းချမှု ပြုလုပ်လာကြတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အပြင်မထွက်ရတာကြာတော့ စားဝတ်နေရေးလည်း ခက်ခဲနေကြပြီ၊ သီးနှံပေါ်ချိန်မှာ ဈေးက ပိတ်ထားတော့ ပိုပြီးခက်ခဲတယ်၊ အဲ့တော့ ခြံထွက်သီးနှံတွေကို အဆင်ပြေတဲ့နေရာမှာ ရောင်းချကြတာ” ဟု အင်းလေးဒေသခံ ကိုသိန်းဇော်ဦးက ပြောသည်။

အင်းလေးဒေသ သန်းထောင်၊ တောင်တို၊ နန်းပန်၊ အင်းတိန်ဈေးတို့တွင် လူစုလူဝေးဖြစ်နေပြီး ကိုဗစ်စည်းကမ်းလိုက်နာမှု အလွန်အားနည်းနေတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပိတ်ထားသည့် ဈေးများအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပေးရန် ဒေသခံတစ်ဦးက တောင်းဆိုထားသည်။

“ဈေးတွေကို အရင်ကလို (၅) ရက် တစ်ဈေးမဟုတ်ပဲ နေ့တိုင်းဖွင့်စေချင်တယ်၊ ပြီးတော့ ဈေးသည်တွေကိုလည်း သတ်မှတ်လိုက်၊ ဘယ်နေ့မှာ ဘယ်နှယောက် ရောင်းချခွင့်ရှိတယ် ဆိုတာမျိုးပေါ့” ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ဈေးသည်များအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက လူစုလူဝေးဖြစ်မှု နည်းပါးနိုင်ပြီး ဒေသခံများ၏ စားဝတ်နေရေးခက်ခဲမှုများလည်း အဆင်ပြေနိုင်ကြောင်း ၎င်းကပြောသည်။

အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်တွင် စက်တင်ဘာလ (၁) ရက် ယမန်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ (၁၉၆၇) ဦး၊ သေဆုံးသူ (၈၂) ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ (၁၅၀၆) ဦး ရှိနေကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...