လွိုင်လင်ဘက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုရှိနေ

လွိုင်လင်ဘက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုရှိနေ

အခုရက်ပိုင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ ရှမ်း-ကယားနယ်စပ် လွိုင်လင်လေးမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး တိုက်ပွဲ ပိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုရှိနေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လွိုင်လင်လေး အနီးတဝိုက်တွေမှာ ထိုးစစ်ဆင်မှုတွေရှိပြီး တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ စစ်ရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

”အဲ့တာတော့ အဓိကပဲ လူတိုင်း စိုးရိမ်ဆုံးပဲ။ ဘာလို့လဲဆို အခုထိ သူတို့ တပ်မခေါက်သေးဘူးလေ။ ထပ်တောင်တိုးလာသေးတယ်။“

တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အပေါ် KNDF တာဝန်ရှိသူတစ်ဦးက လူထုတွေအနေနဲ့ အားတင်းထားပေးကြဖို့ အခုလိုပြောပါတယ်။

”ဒီတလောမှာတော့ တိုက်ပွဲပို ပြင်းထန်လာနိုင်ခြေတယ်ပေါ့လေ။ အားလုံးကတော့ တိုက်ရမှာပဲပေါ့နော။ မတိုက်ရင်လည်း ကျနောတို့ တစ်သက်လုံး ကျနောတို့ မျိုးဆက်သစ်တွေ ခံနေရမယ့် အနေအထားမျိုးတွေဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ ကျနောတို့ ဒီကာလမှာတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လူထုတွေအနေနဲ့လည်း ခက်ခဲမယ်။ ဒါပေမယ့် အားတင်းထားဖို့ ပေါ့နော။ အကြောက်မလွန်ဖို့။ တိုက်ပွဲက ရပ်နားမှာ မဟုတ်ဘူး။ ပိုပြီးတော့ ပိုပြီးတော့ ပြင်းထန်လာမယ့် အနေအထားပဲရှိပါတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ ပိုသတိရှိရှိနဲ့ နေသွားဖို့ အဲ့တာတွေလည်း ကျနောပြောချင်တယ်ဗျ။“

လွိုင်လင် ဘက်မှာဆိုရင် နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း (၁၁) ရွာလောက် နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်ထဲ တိမ်းရှောင်နေရပြီး ခန့်မှန်းခြေ လူဦးရေ ငါးထောင်ကျော်လောက် တိမ်းရှောင်နေရတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အခုလို တိမ်းရှောင်နေရပြီး ရိက္ခာမပါတဲ့သူတွေ အိမ်ကိုပြန်မယူရဲကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

”အခက်အခဲဆိုလည်း စားဖို့ သောက်ဖို့ ပေါ့။ တချို့ဆိုလည်း ရိက္ခာမပါလာဘူး။ ကိုယ့် အချင်းချင်းပဲ ပြန်တောင်းပြီး စားသောက်နေရတာပေါ့။ ပြန်လာမယ် ဆိုရင်လည်း မပြန်လာရဲကြဘူး။ လောလောဆယ် ကိုယ့်ရွာကို ပြန်လာချင်တဲ့သူတော့ အများကြီးပဲပေါ့။ ဒါပေမယ့် မပြန်လာရဲကြဘူးလေ။“

အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိပြီး ဩဂုတ် ၂၈ ရက်နေ့ကဆိုရင် ကွန်နားကျေးရွာက လူနေအိမ် ၁၁ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၈ ရက်နေ့က လွိုင်လင်ဘက်မှာ ထိတွေ့တိုက်ပွဲ လေးကြိမ်နဲ့ ၂၉ ရက်နေ့ညနေပိုင်းမှာဆိုရင် ထိတွေ့တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

KA၊ KNDF ပူးပေါင်းတပ်ဖွဲ့ကနေပြီး စစ်ကောင်စီတပ်တွေထံကနေ လက်နက်တွေ သိမ်းဆည်းရမိခဲ့တာလည်းရှိသလို ၂၉ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဖက် ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရရှိခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...