သျှမ်းတောင် တောင်သူများ အကြွေးသောကဖြင့် ရင်ဆိုင်နေရ

သျှမ်းတောင် တောင်သူများ အကြွေးသောကဖြင့် ရင်ဆိုင်နေရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ခရမ်းချဉ်၊ ကော်ဖီထုပ်စိုက်ပျိုးသည့် တောင်သူများ သီးနှံပေါ်ချိန်ဖြစ်သော်လည်း အရင်းပြန်မရသည့်အပြင် အကြွေးများပါတင်နေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် တီကျစ်မြို့တွင် သီးနှံများအား ဝယ်ယူသူမရှိသည့်အတွက် ဈေးနှုန်းအဆမတန်ကျဆင်းပြီး စီးပွားရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်ရွာလုံး အရှုံးပေါ်နေကြတာ၊ ကိုဗစ်ကြောင့် ဈေးလည်းပိတ်ထားရတော့ သွားရောင်းလို့လည်းမရ၊ အရင်နှစ်တွေဆို ပွဲစားတွေ ခြံထိလာဝယ်တယ်၊ ခုက ဘယ်သူမှ လာမဝယ်ကြတော့ဘူး” ဟု တီကျစ်မြို့ ဟိုကျောင်းကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တီကျစ်ဒေသတွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ဈေးများကို ပိတ်ထားတာဖြစ်ပြီး တချို့ကျေးရွာ အဝင်/အထွက်လမ်းများကိုလည်း ပိတ်ထားကြောင်း သိရသည်။

ထိုဒေသတွင် ခရမ်းချဉ်သီး (၁) ပိဿာလျင် (၁၀၀) ကျပ်ဝန်းကျင်သာဈေးရှိကြောင်း၊ ဂေါ်ဖီထုပ်များလည်း ဝယ်ယူသူ အလွန်နည်းပါးသည့်အတွက် ခြံတွင်းမှာသာ ပုပ်သိုးအောင် ထားလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနှစ် ခရမ်းချဉ်၊ ဂေါ်ဖီထုပ်တွေကို စိုက်ပျိုးတာများတယ်၊ ဈေးလည်းမရတော့ ခြံထဲမှာ ဒီအတိုင်းပဲ ပုပ်သိုးအောင် ပစ်ထားရတယ်။ ခရမ်းချဉ်သီးဆိုရင် စဉ်လိုက်ကို မှည့်ပြီး ပုပ်သိုးကုန်တယ်” ဟု အဆိုပါတောင်သူက ဆက်ပြောသည်။

တီကျစ်၊ ပင်လောင်းမြို့များအပြင် ညောင်ရွှေ အင်းလေးဒေသထွက် ခရမ်းချဉ်သီးများလည်း ဈေးနှုန်းကျဆင်းနေသည့် အတွက် တောင်သူများ အရှုံးပေါ်နေကြကြောင်း၊ ထို့အပြင် ယခင်က မျိုးစေ့ဝယ်ယူထားမှုအတွက်ပါ ကြွေးမှီများ တင်နေကြောင်း၊ ကြက်သွန်ဖြူ စိုက်ပျိုးချိန် ဖြစ်သော်လည်း အရင်းအနှီးမရှိသည့်အတွက် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ရပြီး တောင်ယာ စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် ဒေသခံများ စီးပွားရေးကျဆင်းကာ ထပ်မံစိုက်ပျိုးရန် အခက်ခဲဖြစ်နေကြကြောင်း ဒေသခံများထံမှ ကြားသိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...