မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲကို သြဂုတ်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ခန့်က ဗုံးဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ကျေးလက်ကျန်းမာရေးဌာနခွဲ တာဝန်ကျဆရာမနှင့် မိသားစုဝင်များ ထမင်းစားနေချိန်မှာ အမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်လာပြီး ကျန်းမာရေးဌာနခွဲအတွင်းသို့ ဗုံးပစ်သွင်းခဲ့တယ်လို့ သိရပါတယ်။
"ဖြစ်တဲ့အချိန်က ၁ နာရီ မထိုးတတ်သေးဘူး။ ဆရာမတို့က ထမင်းစားနေချိန် ဗုံးလာပစ်သွင်းသွားတယ်လို့ သိရတယ်။ ဗုံးကွဲတော့ အဲဆရာမလဲ ပြေးထွက်တော့ လာပစ်တဲ့သူတွေက အမျိုးသားတွေဘဲလို့ သိရတယ်တဲ့။ လက်လုပ်ဗုံးပုံစံဖြစ်တယ်လို့တော့ သိရတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကျေးလက်ဆေးပေးခန်းကို ဘာကြောင့် ဗုံးလာပစ်သွင်းသွားသည်ကို မသိရဘဲ မည်သူတွေလုပ်သည်ကိုလဲ မသိရဘူးလို့ ဒေသခံတွေထံက ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ကျေးလက်ဆေးပေးခန်း အဆောက်အဦး အမိုးအကာနှင့် ပြတင်းပေါက်များ ထိခိုက်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။







