တာချီလိတ်တွင် UWSA ပိုင်ကုမ္ပဏီ ပြည်သူပိုင်မြေပေါ် စက်ရုံတည်ဆောက်ခွင့်ရ

တာချီလိတ်တွင် UWSA ပိုင်ကုမ္ပဏီ ပြည်သူပိုင်မြေပေါ် စက်ရုံတည်ဆောက်ခွင့်ရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် စက်ရုံ (၂) ရုံတည်ဆောက်ရန် UWSA ပိုင်ကုမ္ပဏီ စက်ရုံတည်ဆောက် ခွင့်ပြုချက်ရထားကြောင်း စုံစမ်းသိရသည်။

“ဝ” သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) သည် နမ့်ဟုတ်မြစ်ဝှမ်းဒေသရှိ မတရားသိမ်းယူထားသည့် လယ်ယာမြေများပေါ် စစ်ကောင်စီကျောထောက်နောက်ခံဖြင့် စက်ရုံတည်ဆောက်ခွင့်ပြုချက်ရထားပြီး၊ စက်ရုံတည်ဆောက်ပါက လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်ပေါ်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ သြဂုတ် (၂၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“စက်ရုံတွေ လာဆောက်လိုက်မယ်ဆိုရင် လေထုညစ်ညမ်းမှုတွေကြောင့် နှစ်ဖက်နယ်စပ်က ဒေသခံတွေရဲ့ ကျန်းမာရေးတွေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်၊ အဲ့တာအပြင် လယ်ယာမြေတွေကိုလည်း ပြန်ရနိုင်တော့မှာမဟုတ်ဘူး” ဟု SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်ကပြောသည်။

ထိုဒေသတွင် “ဝ” သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ပိုင် ဟုန်ပန်းကုမ္ပဏီက စက်ရုံတည်ဆောက်ခွင့် ရရှိထားတာဖြစ်ပြီး အဆိုပါဒေသကို ကာကွယ်ရန် “ရွှေတြိဂံ နမ့်ဟုတ်မြစ်ဝှမ်းဒေသကို ကာကွယ်ပါ” အစီရင်ခံစာသစ်ကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ သြဂုတ်လ (၂၆) ရက် ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“အဓိကတော့ စက်ရုံဆောက်လုပ်ရန် ကြိုးစားနေတာကို ရပ်တန့်ဖို့နဲ့ ဒေသခံတွေကို သူတို့ပိုင်တဲ့ လယ်ယာမြေ ပြန်ပေးဖို့ရည်ရွယ်တာပါ၊ ဘာကြောင့်လဲဆိုရင် လယ်ယာမြေမရှိရင် ဒေသခံတွေ အတွက်က အရမ်းကို ခက်ခဲတယ်” ဟု SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA ပိုင်ကုမ္ပဏီသည် ပြီးခဲ့သည့် မေလ (၆) ရက်နေတွင် ဘူဒိုဇာဖြင့်မြေညှိရန် ထပ်မံကြိုးစားလာတာဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

စက်ရုံဆောက်လုပ်ခွင့်ရထားသည့် ထိုဒေသကို “ဝ” တပ်ပိုင် ကုမ္ပဏီက (၂၀၁၉) ခုနှစ်မှစပြီး ခြံစည်းရိုးခတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့မှုအပေါ် ဒေသခံတို့က ဆန့်ကျင်ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီး (၃) လအကြာတွင် မြေညှိရန် ပြန်လည်လုပ်ဆောင်လာသဖြင့် ဒေသခံများမှ ထပ်မံဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း၊ ထိုချိန်တွင် ကုမ္ပဏီလုပ်သားများအား ကာကွယ်ပေးရန် ရဲတပ်ဖွဲ့ဝင်များကိုလည်း ခေါ်ယူထားကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အဆိုပါ စက်ရုံ (၂) ရုံမှာ ရော်ဘာသန့်စင်စက်ရုံနှင့် မန်းဂနိစ်သန့်စင်စက်ရုံ ဖြစ်ပြီး တည်ဆောက်မည့် နေရာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ်ရှိ နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် တည်ရှိနေတာဖြစ်ကြောင်း သိရသည်။

နမ့်ဟုတ်ချောင်းသည် ထိုင်း−မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်ထားတာဖြစ်ပြီး ရွှေတြိဂံဒေသတွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်တာဖြစ်သည့်အတွက် ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

အဆိုပါ စက်ရုံတည်ဆောက်မည့် မြေနေရာ ဧက (၁၀၀) သည် (၁၉၉၈−၁၉၉၉) ခုနှစ်ကတည်းက စက်မှုဇုန်တည်ဆောက်ရန်ဟုဆိုကာ မြန်မာစစ်တပ်က မတရားသိမ်းယူထားသည့် ဧက (၆၀၀) ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...