အင်းလေးတွင် ကိုဗစ်လူနာ လျော့ကျခြင်းမရှိ၊ ပိုတိုးလာ

အင်းလေးတွင် ကိုဗစ်လူနာ လျော့ကျခြင်းမရှိ၊ ပိုတိုးလာ

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ခံရသည့်လူနာ လျော့ကျခြင်းမရှိသေးဘဲ ပိုတိုးလာကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ခြင်း၊ ရွာအဝင်/အထွက်ကန့်သတ်ခြင်း၊ ဈေးပိတ်ခြင်းများ ဆောင်ရွက်ထားသော်လည်း ကိုဗစ် ကူးစက်ခံရသူ လျော့နည်းလာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“အတည်ပြုလူနာနဲ့ ထိတွေ့ဖူးတဲ့သူတွေကို သေခြာမထိန်းချုပ်နိုင်တာ၊ နောက်ပြီး ဈေးပိတ်တာလည်း နောက်ကျတော့ ပိုးက ပျံ့သွားခဲ့ပြီ၊ အဲ့ဒါကြောင့် လူနာတွေက တိုးနေတုန်းပဲ” ဟု အင်းလေးဒေသမှ ဆရာဝန်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဆေးရုံမှ စစ်ဆေးသည့် လူနာဦးရေ အနည်းငယ် လျော့နည်းသွားသော်လည်း ကျေးရွာများထဲတွင် ကိုဗစ်ပိုး ပျံ့နှံ့နေသည့် အနေအထားဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ခုက ဆေးရုံမှာစစ်ဆေးတဲ့ ဦးရေ ကျသွားလို့ ပိုးတွေ့နည်းလာတယ်ထင်ရပေမယ့် တကယ့်အပြင်မှာက အများကြီးပါ၊ ကူးစက်မှုက မလျော့သေးဘူး” ဟု အထက်ပါဆရာဝန်က ပြောသည်။

အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ပျံ့နှံ့နေခြင်းသည် ကိုဗစ်ကာကွယ်ရေးနည်းလမ်းကို ဒေသခံများ လိုက်နာမှု အားနည်းနေခြင်းကြောင့်လည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှု နည်းပါးစေဖို့ ပိုမိုသတိထားသင့်ကြောင်း အဆိုပါဆရာဝန်က တိုက်တွန်းထားသည်။

Stay at home သတ်မှတ်ခံထားရသည့် ညောင်ရွှေမြို့နယ်တွင် ယနေ့တွေ့ရှိသည့် ကိုဗစ်လူနာ (၃၅) ဦး အပါအဝင် ကိုဗစ်ကူးစက်ခံရသူ (၁၆၀၀) ကျော်၊ သေဆုံးသူ (၇၀) ကျော်နှင့် ဆေးရုံဆင်းခွင့်ရသူ (၁၂၀၀) ကျော်ရှိနေကြောင်း သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...