မော်လမြိုင်က CCTV တင်ဆင်မှုစီမံကိန်း လာမယ့် စက်တင်ဘာမှာ ပြီးစီးမည်

မော်လမြိုင်က CCTV တင်ဆင်မှုစီမံကိန်း လာမယ့် စက်တင်ဘာမှာ ပြီးစီးမည်

မော်လမြိုင်မြို့အတွင်းရှိ အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်မယ့် CCTV တပ်ဆင်မှု စီမံကိန်းဟာ လာမယ့် စက်တင်ဘာလအတွင်း လုပ်ငန်းပထမပိုင်း ပြီးစီးတော့မယ်လို့ သိရပါတယ်။

CCTV တပ်ဆင်မှု စီမံကိန်းရဲ့ လုပ်ငန်းစဉ်မှာ အပိုင်း ၃ ပိုင်းပါဝင်ပြီး၊ အဲဒီအပိုင်း ၃ ပိုင်းမှာ CCTV ထိန်းချုပ်ရေးစင်တာ တည်ဆောက်တာ၊ ဖိုင်ဘာကေဘယ်ဆွဲတာ၊ ကင်မရာတပ်ဆင်တာတွေ ပါဝင်ပါတယ်။

လက်ရှိမှာ CCTV ထိန်းချုပ်ရေးစင်တာ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီးဖြစ်သလို ဖိုင်ဘာကေဘယ်ဆွဲတဲ့ လုပ်ငန်းစဉ်ကတည်း ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီးသွားပြီဖြစ်ပါတယ်။

ကင်မရာတပ်ဆင်ရေး လုပ်ငန်းစဉ်အတွက် ကင်မရာတွေ ဝယ်ယူထားပြီးဖြစ်သလို မကြာမီကာလအတွင်း မော်လမြိုင်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

"အခုက ကင်မရာတပ်ဖို့အတွက် တိုင်တွေထောင်နေတယ်၊ မြို့ရဲ့ အရေးကြီးတဲ့နေရာမှာတွေ ကင်မရာတပ်ဆင်သွားမယ်၊ လုပ်ငန်း ပထမပိုင်းကတော့ စက်တင်ဘာကုန်မှာ အပြီးလုပ်ဆောင်နေတယ်" လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်မယ့် CCTV ထိန်းချုပ်ကို မော်လမြိုင်မြို့က ပြည်နယ်အစိုးရရုံးဝန်းအတွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

CCTV တပ်ဆင်မှု စီမံကိန်းရဲ့ ဒုတိယအပိုင်းနဲ့ တတိယအပိုင်းမှာတော့ လိုအပ်တဲ့နေရာတွေမှာ ကင်မရာထပ်ဖြည့်တာတွေ ကေဘယ်ထပ်ဆွဲတာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပြီး အဲဒီလုပ်ငန်းစဉ်တွေကို နောက်ဘဏ္ဍာနှစ်မှာ အပြီးလုပ်ဆောင်သွားဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

Safe City လို့ခေါ်တဲ့ စီမံကိန်းဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ အများပြည်သူ ပိုင်နေရာတွေမှာ CCTV တပ်ဆင်ပြီး လှုပ်ရှားသွားလားမှုကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပြီး NLD အစိုးရလက်ထက်က လုပ်ငန်းစဉ် အကောင်အထည်ဖို့ ဘတ်ဂျက်ထည့်သွင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

"ဒီစီမံကိန်းဟာ အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူတွေနဲ့ တော်လှန်ရေးလုပ်သူတွေကို အဓိကပြစ်မှတ်ထားဖို့ အမြန်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြင်တယ်" လို့ မော်လမြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

မော်လမြိုင်နည်းတူ ရန်ကုန်နဲ့ နေပြည်တော်တို့မှာလည်း ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ရန်ကုန်နဲ့နေပြည်တော်တို့မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေဟာဆိုရင် ကားနံပါတ်ပြားတွေကို ခြေရာခံနိုင်သလို ပြစ်မှုကျူးလွန်ဖူးသူရဲ့ ရာဇဝတ်မှုနောက်ခံအကြောင်းအရာတွေကိုပါ တိုက်ဆိုင်ကြည့်ရှုစစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့မှာ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းကိုတော့ နောင်ရိုးကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါရရှိထားတာဖြစ်ပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...