ကျောက်မဲစစ်ရှောင် (၄၀၀) ကျော် အကူအညီလိုအပ်နေ

ကျောက်မဲစစ်ရှောင် (၄၀၀) ကျော် အကူအညီလိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် (၄၀၀) ကျော်အတွက် အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယခု သြဂုတ်လ (၁၁) ရက်နေ့မှစပြီး ကျောက်မဲမြို့နယ် ပန်ကွမ်၊ ပန်ဖြတ်ကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူများ ကျောက်မဲမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီ လိုအပ်နေကြောင်း သိရသည်။

“တိုက်ပွဲတွေက ရွာနဲ့နီးလာလို့ မိုးရွာထဲကို ထွက်ပြေးလာရတယ်၊ တချို့သူတွေဆို ဘာမှကို မပါလာဘူး၊ မိုးရွာပြီး အေးတဲ့နေရာဆိုတော့ စောင်၊ ခြင်ထောင်နဲ့ ဆေးဝါးတွေ အဓိကလိုတယ်” ဟု ကြူရှောမြောက်ရွာမှ ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ကြူရှောကျေးရွာအုပ်စု ကြူရှောရွာဦးကျောင်းတွင် ပန်ဆန်ကျေးရွာ စစ်ဘေးရှောင် (၁၀၁) ဦးရှိနေပြီး တိုက်ပွဲ ဆက်ဖြစ်နေသည့်အတွက် စစ်ရှောင်များ ထပ်မံရောက်လာနိုင်ကြောင်းလည်း ဆရာတော်မှ မိန့်သည်။

ထို့အပြင် ကျောက်မဲမြို့ပေါ်နှင့် နမ့်ဆော့၊ မိုင်းတင်းကျေးရွာတို့တွင်လည်း စစ်ရှောင် (၃၀၀) ကျော်ရှိနေပြီး စားနပ်ရိက္ခာများနှင့် အမျိုးသမီးသုံးပစ္စည်းများ၊ ထီးနှင့်မိုးကာများ လိုအပ်နေကြောင်း စစ်ရှောင်များကိုကူညီနေသည့် ဒေသခံထံမှ သိရသည်။

“ခုက အစားအသောက်တွေရော၊ အမျိုးသမီးသုံးပစ္စည်းတွေရော လိုအပ်နေတာ၊ နောက်ပြီး မိုးကလည်း နေ့တိုင်းရွာနေတော့ ထီး၊ မိုးကာတို့လည်း လိုအပ်နေသေးတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကတည်းက သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် (RCSS/SSA) နှင့် (SSPP/SSA)၊ (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...