၉ လကျော်ကြာ ငြိမ်သက်နေသောရခိုင်တွင် စစ်ရေးလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲများပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်

၉ လကျော်ကြာ ငြိမ်သက်နေသောရခိုင်တွင် စစ်ရေးလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲများပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်

၉ လကျော်ကြာ တိုက်ပွဲများမရှိ၍ ငြိမ်သက်နေသောရခိုင်တွင် စစ်ရေးလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့မှ လူမှုရေးဆောင်ရွက်သူ ကိုအောင်ချေက “လုံခြုံရေးတပ်ဖွဲ့ဝင်က ကားတွေနဲ့ သေနတ်တွေတင်ပြီး မြို့ကို ပတ်နေကြတာတွေရှိတယ်။ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့် ၃ ခုပါတယ်။ တစ်ပတ်ကျော်၊ နှစ်ပတ်လောက်ရှိပြီ။ ဒီ (၈) လပိုင်းမှာ သိသာလာတယ်။ ဒီအတိုင်းဆိုရင် စစ်ပွဲဖြစ်လာနိုင်တယ်” ဟု ပြောသည်။

တစ်ဘက်တွင် ရက္ခိုင့်တပ်တော် (AA) ကလည်း နယ်မြေစိုးမိုးရေးအတွက် တည်ဆောက်မူများရှိလာသည်ဟု ၎င်းကဆိုသည်။

“စစ်တပ်က တိုးချဲ့လာတဲ့အခြေနေမှာ တစ်ခြားတစ်ဘက်မှာလည်း ရက္ခိုင့်တပ်တော်ဘက်ကလည်း နယ်မြေစိုးမိုးမှုကို တည်ဆောက်နေတဲ့အပိုင်းတွေ ကျွန်တော်တို့ တွေ့လာရတယ်။ ထိပ်တိုက် တွေ့ကောင်းတွေ့လာနိုင်တယ်။ ဒီလောက် ကပ်ရောဂါတွေဖြစ်နေချိန်မှာ တိုက်ပွဲတွေ ပြန်မဖြစ်စေချင်ဘူး။ တစ်ပူပေါ်  နှစ်ပူဆင့်လာနိုင်တယ်။ ပထမကလည်းက ကျွန်တော်တို့ တိုက်ပွဲဒဏ် အတော်ခံခဲ့ရတဲ့အခါ စစ်ပွဲပြန်ဖြစ်ရင် ဒေသခံတွေ အနေနဲ့ ပိုဆိုးသွားနိုင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်က မြို့နယ်အတော်တော်များတွင် စစ်တပ်က အင်အားတိုးချဲ့မှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသလို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သို့လည်း ပြည်မဘက်မှ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တပ်မတော်ယာဉ်များ၊ အင်အားတိုးမြှင့်နေသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြောင်း အမ်းမြို့မှ လူမူရေးသမား ကိုမျိုးလွင်က ပြောသည်။

“စစ်ကားတွေသွားတယ်။ စစ်သားတွေ တောက်လျှောက်ချလာတော့ ဒေသခံတွေ စိုးရိမ်ပူပင်မှုတော့ ရှိကြတာပေါ့” ဟု ပြောသည်။

၂၀၁၉ နှင့် ၂၀၂၀ နှစ်များအတွင်းက တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့သော ကျောက်တော်မြို့နယ်တွင်လည်း ရေတပ်နေဗီများဖြင့် ရိက္ခာများ၊ လူအင်အားဖြည့်မှုများ ရှိနေသောကြောင့် စိုးရိမ်မှုများ ရှိနေကြသည်ဟု အမည်မဖော်လိုသူ ကျောက်တော်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ရေတပ်သင်္ဘောတွေက ကုလားတန်မြစ်မှာ အတက်အဆင်းတွေရှိနေတော့ ဒေသခံတွေအနေနဲ့က စိုးရိမ်တာပေါ့။ တိုက်ပွဲဖြစ်တုန်းက ကုလားတန်မြစ် တစ်လျှောက် ရေတပ်သင်္ဘောတွေကပစ်ခတ်လို့ လူတွေသေတာ၊ ကျွဲနွားတွေ သေတာရှိခဲ့တယ်။ ဒီတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်။ ဒီလ ၁၂ ရက်နေ့လောက်ကလည်း ကျောက်တော်ဘက်ကို တက်သွားတယ်။ အင်အားကတော့ အတိအကျမသိဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ်၊ တင်းမရွာမှ ဒေသခံတစ်ဦးဖြစ်သော ကိုဘဗြဲချေက “ဒီနေ့မနက် (၄) နာရီလောက် ကျောက်တော်တပ်မကနေပြီး တင်းမဘက်က စစ်တပ်ကို ပစ္စည်းတွေ ချပေးနေတာတွေ့တယ်။ ပြီးတော့ အဲ့စစ်တပ်က သွားလာတဲ့ခရီးသည်တွေအကုန်လုံးကို စစ်ဆေးတာတွေရှိတယ်။ ဆန်အိတ်တွေလည်း စက်လှေနဲ့ အပေါ်ပိုင်းကို တင်လို့မရတော့ သွားရေးလာရေးက အစ အခက်ခဲလည်းရှိကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခမီဒီယာနှင့် အင်တာဗျူးတွင် ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“အခုလိုမျိုး ကပ်ဘေးကာလ၊ မိုးတွင်းပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေများတဲ့ ကာလမှာတော့ စစ်ရေးအရ ပြသနာတွေမတက်လာအောင် ရှောင်ရှားဖို့ တပ်မှူးတွေကိုတော့ သေချာညွှန်ကြားလို့ ရှိပါတယ်။ ဒါပေမယ့် ဒီအပိုင်းမှာလည်း သည်းခံနိုင်တဲ့အတိုင်းအတာကတော့ အကန့်အသတ်ရှိပါတယ်။ မဖြစ်သင့်တဲ့အလုပ်ကို မဖြစ်အောင်နဲ့ ပြည်သူတွေကို ကူညီဖို့က နံပါတ်တစ်အရေးဖြစ်ပါတယ်။ တတ်နိုင်သမျှ ရှောင်ရှားပါမယ်။ စစ်ရေးအရဆိုလည်း လိုအပ်ရင်လိုအပ်သလို စဉ်းစားသွားပါမယ်” ဟု ပြောဆိုထားသည်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုများ တိုးလာခြင်းနှင့်ပတ်သတ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့မရရှိခဲ့ပါ။

 
 

 

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...