မယ်တော်ဆေးခန်းတွင် အမျိုးသမီးနှင့်ဆိုင်သော သားဖွားဌာနကို ပြန်ဖွင့်မည်

မယ်တော်ဆေးခန်းတွင် အမျိုးသမီးနှင့်ဆိုင်သော သားဖွားဌာနကို ပြန်ဖွင့်မည်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့် ရက်သတ္တပတ် သုံးပတ်ကြာ ယာယီပိတ်ထားရသည့် မယ်တော်ဆေးခန်းသည် ယနေ့နံနက်မှစတင်ကာ ကိုယ်ဝန်ဆောင်မိခင်များအတွက် သားဖွားဌာန (အတွင်းလူနာဆောင်) ကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။

မီးဖွားဌာနမှ တာဝန်ရှိသူ ဆရာမနော်ဆိုဖီယာလှက “ကျမတို့ ပြန်ဖွင့်မှာက ကလေးမီးဖွားဌာနတစ်ခုပဲရှိသေးတယ်။ အကုန်လုံးတော့ ပြန်မဖွင့်နိုင်သေးဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကလေးမီးဖွားတာက အရေးကြီးတယ်လေနော်။ ကျမတို့ဆီမှာလာပြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မဲဆောက်ဆေးရုံမှာပဲ သွားပြီးမီးဖွားရတယ်လေ။ မဲဆောက်ဆေးရုံ မှာဆိုလည်း အခက်အခဲရှိတယ်။ အဲဒါကြောင့်မို့ ကျန်းမာရေးဝန်ဆောင်မှုအားလုံးကို ပြန်မလုပ်ပေးနိုင်ရင်တောင်မှ ဒီမီး ဖွားဌာနကိုတော့ အရင်ဖွင့်ကြည့်မယ်ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ သားဖွားဌာနကို ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်အရ အမျိုးသမီး သားဖွားခြင်းတစ်မျိုးတည်းသာ ဝန်ဆောင်မှုပေးသွားဖြစ်ကြောင်း၊ မွေးလူနာတစ်ဦးလျှင် လူနာစောင့်တစ်ဦးသာ လက်ခံမည်ဖြစ်ပြီး မွေးလူနာနှင့်သက်ဆိုင်သော ဧည့်သည်များ ဝင်ရောက်ခြင်းကို လုံးဝလက်ခံမည်ဟုတ်ကြောင်းလည်း ဆရာမနော်ဆိုဖီယာလှက ဆက်ပြောသည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှု ဆက်လက်ရှိနေသောကြောင့် အခြားကျန်းမာရေး ဝန်ဆောင်မှုများနှင့်ဆိုင်သော ခွဲစိတ်ကုသခြင်းဌာန၊ လူကြီးအတွင်းနှင့် ပြင်ပလူနာဌာန၊ မျက်စိကုသခြင်းဌာန၊ ကလေး အတွင်းနှင့် ပြင်ပလူနာဌာန၊ မျိုးဆက်ပွားကျန်းမာရေးပြင်ပလူနာဌာန၊ ကလေးကာကွယ်ဆေးဌာန စသည့် ကျန်းမာရေးဝန်ဆောင်လုပ်ငန်းများကို ယာယီဆက်လက်ပိတ်ထားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

မဲဆောက်တွင်နေထိုင်ကြသူများအနေဖြင့် ကိုဗစ်ပိုးစစ်ဆေးမှု လိုအပ်သည်ဟုထင်ပါက မဲဆောက်ဆေးရုံကြီး၏ ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်သလို နာတာရှည်ရောဂါများနှင့် ပတ်သက်၍ ဆေးကုသရန် အကူအညီလိုအပ်ပါက မယ်တော်ဆေးခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထည့်သွင်းအသိပေးထားသည့် ကူညီပေးနိုင်သူ ဆရာ/ဆရာမများထံ ဆက်သွယ်နိုင်ကြောင်းလည်း မယ်တော်ဆေးခန်းက အသိပေးထုတ်ပြန်ထားသည်။

ကိုဗစ်ကူးစက်ပျံ့ပွားမှုကြောင့် မယ်တော်ဆေးခန်းရှိ ကျန်းမာရေးဝန်ထမ်းနှင့်အတူ မိသားစုဝင်များ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် လူထုအသိုင်းအဝိုင်းတို့ ဘေးကင်းလုံခြုံရေးအတွက် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ မယ်တော်ဆေးခန်းတွင် ကျန်းမာရေးဝန်ဆောင်မှုအားလုံး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အခြေစိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များနှင့် မြန်မာပြည်အတွင်းမှ ပြည်သူများအတွက် နှစ်ပေါင်း ၃၀ ကျော် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် မယ်တော်ဆေးခန်းကို ဒေါက်တာစင်သီယာမောင် ဦးဆောင်ပြီး ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...