နမ့်စန် စကစ တပ် SSSG–PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေပြည်သူ့စစ် မသိရှိ

နမ့်စန် စကစ တပ် SSSG–PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေပြည်သူ့စစ် မသိရှိ

နမ့်စန်မြို့ စစ်ကောင်စီတပ်ကို သျှမ်းတောင် SSSG–PDF မှ ဝင်ရောက်တိုက်ခိုက်သည့် သတင်းနှင့်ပက်သက်ပြီး နမ့်စန်အခြေစိုက် ပြည်သူ့စစ်များနှင့် ပြည်သူများက သိရှိခြင်းမရှိကြောင်း၊ သေနတ်သံများလည်းမကြားရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (သြဂုတ် ၁၅) ရက်တွင် သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို SSSG-PDF အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား (၁၀) ဦးထက်မနည်း သေဆုံးခဲ့သည်ဟု Southern Shan State Generations (SSSG-PDF) အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်နှင့်ပက်သက်ပြီး နမ့်စန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဦးက “ဘာတိုက်ပွဲမှ မရှိပါဘူး၊ ဘာပစ်ခတ်သံမှလည်း မကြားရပါဘူး၊ ကျနော်ကိုယ်တိုင်က မသိရရင်တောင် ကျနော်တို့ရဲ့လူတွေက သိရမှာ ကြားရမှာပဲ၊ အခု မြေပြင်မှာလှုပ်ရှားနေတဲ့ သူတို့စီက ဘာအစီရင်ခံစာမှ မလာတော့ သူတို့လည်း မသိဘူးပေါ့၊ အဲ့ဒီတော့ တိုက်ပွဲလည်း မရှိဘူးဆိုတဲ့သဘောပဲလေ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့ရှိ စစ်ကောင်စီတပ်များ တံခါးပိတ်အစည်းအဝေးလုပ်နေစဉ် SSSG က တိတ်တဆိတ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း၊ စစ်ကောင်စီတပ်က စစ်ကူများခေါ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ SSSG အဖွဲ့မှ ၁ ဦး ကျည်ဆံထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း SSSG က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အဆိုပါ SSSG–PDF မှ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းနှင့်ပက်သက်ပြီး နမ့်စန်မြို့ ဒေသခံတစ်ဦးက “အဲ့နေ့က မြို့မှာ ဘာမှမဖြစ်ပါဘူး၊ တိုက်ပွဲသံတွေ ဘာတွေလည်း မကြားမိပါဘူး၊ တကယ်ဖြစ်ရင် အနည်းဆုံးတော့ ပစ်ခတ်သံတွေကြားရမှာပါ၊ တပ်တစ်ခုကို ဝင်တိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး” ဟု ပြောသည်။

နမ့်စန် စစ်ကောင်စီ တပ်စခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန်အတွက် လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်း၊ လုံခြုံရေးအရရော လက်နက်အင်အားအရပါ မလွယ်ကူကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့တော်င လုပ်ရန် မလွယ်ကူကြောင်း နမ့်စန်လူငယ်တစ်ဦးက သူ့၏ အမြင်ကို ပြောသည်။

“တပ်ထဲကို ဝင်ပြီးတိုက်ခိုက်နိုင်ဖို့က အဆင့်တွေအများရှိတယ်၊ လုံခြုံရေးရယ် လူအင်အားရယ်၊ လက်နက်တွေရယ် အဓိကကတော့ တိုက်နည်းခိုက်နည်းတွေ လိုကိုလိုအပ်တယ်၊ တကယ့် EAOs တွေတောင် လုပ်ဖို့မလွယ်တဲ့ ကိစ္စကြီးပါ၊ အခုမှာ သူတို့မှာ အင်အား ဘယ်လောက်ရှိလို့ တပ်ထဲထိ ဝင်တိုက်နိုင်ရသလဲ၊ ပွင့်လင်းမြင်သာမှုလည်း မရှိပဲနဲ့ သူတို့ကို ဘယ်လိုယုံကြည်ရမလဲ” ဟု ၎င်းလူငယ်က ဆိုသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ လူငယ်အများစုဦးဆောင်ကြပြီး သက်ဆိုင်ရာ နယ်မြေ နယ်နိမိတ်အတွင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့များ ဖွဲ့စည်းကြပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုနည်းတူ သျှမ်းပြည်အတွင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းတည်ရှိနေသော်လည်း လက်ရှိသတင်းထွက်ပေါ်နေသည့် SSSG-PDF တပ်ဖွဲ့သည် တကယ် ရှိ/မရှိကို ပြည်သူများက မှတ်ချက်အမျိုးမျိုးရှိနေကြောင်းလည်း သိရသည်။

“အခုသူတို့ လုပ်ရပ်က မှားနေတယ်၊ မှန်နေတယ် လို့တော့ ကျနော် မဝေဖန်လိုဘူး၊ ဒါပေမဲ့ အာဏာရှင်ကို တော်လှန်ဖို့ အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ဆိုပြီး ပြည်သူတွေက PDF တွေအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအပ်ထားပါတယ်၊ အဲ့ကြောင့် ပြည်သူတွေကို Hope false မပေးသင့်ဘူး၊ တက်လာတဲ့ သတင်းပုံတွေကလည်း အမှားဆိုတာကို ပြည်သူဖက်ကထောက်ပြနေပြီ၊ သူတို့ဖက် ဖြေရှင်းသင့်တယ်” ဟု နမ့်စန်ဒေသခံ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်သားများအနေဖြင့် SSSG-PDF စဉ်းစားစရာများဖြစ်နေကြောင်း၊ မည်သည့်အကြောင်းကြောင်း ယခုကဲ့သို့ပြုလုပ်သည်ကို မသိရှိသော်လည်း ပြည်သူ့များမျှော်လင့်နေသည့် ပြည်သူ့ဘက်တော်သား ပြည်သူ့စစ်ကို အထင်မှားအောင်ပြုလုပ်နေကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

SSSG အဖွဲ ထုတ်ပြန်ချက်ထဲပါဝင်သည့် ပုံတချို့သည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ထဲက ဓာတ်ပုံများဖြစ်နေကြပြီး ဓာတ်ပုံပါဝင်သည့် ကားအမျိုးအစားများကိုလည်း နမ့်စန်မြို့မှ စစ်ကောင်စီများ အသုံးပြုတာ မမြင်ဖူးကြကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်တွင်လည်း နမ့်စန်မြို့အနီး အမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာသော စစ်ကောင်စီ၏ ဗိုလ်ကြီး၏ကားကို SSSG-PDF မှ ချုံခိုတိုက်ခိုက်ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သား (၂) ဦးသေဆုံးခဲ့ကြောင်းလည်း ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

နမ့်စန်မြို့နယ်တွင် ဟိုမိန်းကာကွယ်ရေး ပြည်သူ့စစ်ခေါင်းဆောင်ဟု လူသိများကြသည့် MTA ဟိုမိန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်သာချောင်ချိရေးအဖွဲ့ (SSS ပြည်သူ့စစ်) ကိုသာ နမ့်စန်ဒေသခံများက သိထားကြသည်။

 
 

 

 

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...