မိုင်းရယ်မြို့နယ်အတွင်း ချောင်းရေလျှံမှုကြောင့် လယ်ပေါင်းများစွာ ရေလွှမ်း

မိုင်းရယ်မြို့နယ်အတွင်း ချောင်းရေလျှံမှုကြောင့် လယ်ပေါင်းများစွာ ရေလွှမ်း

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချောင်းများရေလျှံကာ လယ်ကွက်ပေါင်းများစွာ ရေလွှမ်းမှုကြောင့် လယ်ပိုင်ရှင်များ ဒုက္ခရောက်နေကြရကြောင်း သတင်းသိရသည်။

မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ မိုးများအဆက်မပြတ် ပြင်းထန်စွာ ရွာသွန်းနေမှုကြောင့် နားခိုချောင်းရေနှင့် နမ့်ယိုင်ချောင်းတို့က ချောင်းရေလျှံပြီး အဆိုပါ ချောင်းဘေးတစ်လျှောက်ရှိ လယ်ကွက်များကို ရေလွှမ်းခဲ့ရသည့်အတွက် လယ်သမားများက ဒုက္ခ ရောက်နေကြကြောင်း သိရသည်။

“လယ်ကွင်းတွေကတော့ ရေပြင်ကြီးလိုပဲ ဖြစ်သွားတယ်၊ ခုက ဒီမိုင်းရယ်ချောင်းတစ်လျှောက် အနိမ့်ပိုင်းမှာရှိနေတဲ့ လယ်ဧက ၃၀ ဝန်းကျင်လောက်ကတော့ ရေလွှမ်းထားပြီ၊ တချို့လယ်ကွက်တွေက တစိတ်တပိုင်းပဲပါတယ်ဆိုပေမယ့် တချို့ကတော့ လယ်ကွက်တစ်ခုလုံး ရေလွှမ်းတာ” ဟု မိုင်းရယ်မြို့နေ လယ်သမားကြီး ဦးစိုင်းမောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့အတွင်းရှိ ချောင်းများအားလုံးနီးပါးသည် ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး နားခိုကျေးရွာဖက်ရှိ နားခိုချောင်းသည်လည်း ချောင်း  ရေလျှံတက်လာကာ ချောင်းဘေး တစ်လျှောက်ရှိ လယ်ကွက်များ  အတွင်းရေ၀င်သွားသည့်အပြင် လမ်းတံတားများ နှစ်မြှုပ်သဖြင့် နားခိုရွာသားများ သွားလာရေး ခက်ခဲနေကြောင်း သိရသည်။

“မိုးက အဆက်မပြတ်ရွာနေတာ သုံးရက်လောက်ရှိပြီ၊ ခု နားခိုချောင်းရေက ဆိုလည်း လမ်းတွေကိုမြှုပ်သွားတဲ့ထိ လျှံတက်လာတာ၊ ဒီချောင်း တစ်လျှောက်ရှိတဲ့ လယ်တွေ အကုန်ရေလွှမ်းတာ၊ ဧကပေါင်း ၂၀၀ ကျော် လောက်ရှိတယ်၊ အခုက လမ်းတွေတံတားတွေလည်း ရေအောက်ရောက်နေတော့ သွားဖို့လာဖို့လည်း မတတ်နိုင်ဘူး၊ ကျန်းမာရေးအတွက် အရေးပေါ်ဖြစ်လာပြီဆိုရင်တောင် ဆေးရုံကိုသွားလို့ မရတော့ဘူး” ဟု နားခို ကျေးရွာနေ လယ်ပိုင်ရှင် စိုင်းရွက်ဆိုင်မိန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုနှစ်တွင် နိုင်ငံရေးအခြေအနေနှင့် ရောဂါကူးစက်မှုကြောင့် လယ်ပိုင်ရှင်တချို့ လယ်များ မစိုက်ပျိုးနိုင်ကြကြောင်း သိရသည်။

“ဒီနှစ်မှာ နိုင်ငံရေး အခြေအနေနဲ့ ရောဂါတွေ တအားများလို့ ကောက်စိုက်ခရော၊ အလုပ်သမားခရော အရမ်းများတယ်၊ မြေသြဇာဖိုးတွေကလည်း အရင်နှစ်တွေထက် နှစ်ဆစျေးတက်လာတယ်၊ အဲ့ကြောင့် တချို့လယ်တွေဆို မစိုက်နိုင်ကြဘူး၊ ဒီတိုင်းပစ်ထားလိုက်တဲ့ လယ်တွေ များတယ်၊ အဲ့လို ဒုက္ခများစွာကို အံတုပြီး လုပ်ဖြစ်ခဲ့တဲ့လယ်တွေကလည်း ခုလိုမျိုးရေလွှမ်းတာခံလိုက်ရတယ်” ဟု စိုင်းယွက်ဆိုင်မိန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မိုင်းရယ်မြို့နယ်အတွင်း လယ်ဧက ရာဂဏန်းများစွာ ရေလွှမ်းခံရသည့်အတွက် လယ်သမားအများအပြား ဒုက္ခရောက်နေကြသည်ဟု သိရသည်။

“ တိုင်းပြည် ကြီးက မငြိမ်မသက်ဖြစ်နေရချိန်မှာ ကပ်ရောဂါဆိုးကြီးကလည်း ဖြစ်နေတယ်လေ၊ အခုဆို စိုက်ပျိုးရေးတွေပျက် စီးပွားရေးတွေလည်း ထိခိုက်ကုန်ပြီ၊ လယ်သမားတွေဆိုတာ ရှိလို့ လုပ်နေကြတာ မဟုတ်ဘူး၊ အခုလို လယ်တွေ ပျက်စီးကုန်တော့ ကျနော့် အပါအဝင် တချို့မိသားစုတွေကလည်း ရပ်တည် နိုင်ဖို့ ခက်ခဲသွားပြီ၊ အဲ့ကြောင့် အနယ်အရပ်ရပ်က စေတနာရှင်များ ကျနော်တို့ မြို့က ဒုက္ခရောက်နေတဲ့ လယ်သမားတွေကို မေတ္တာထားပြီး ကူညီပေးဖို့ တောင်းဆိုလိုပါတယ်” ဟု လယ်ကွက်များရေလွှမ်းခံရသည့် အသက် ၆၀ ကျော်အရွယ် အဖိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ်အတွင်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်က တကြိမ် ရေလွှမ်းခံရပြီး ၁၀ စုနှစ်အတွင်း ယခုရေကြီးရလျှံမှုသည် ဆုံးရှုံးမှုအများဆုံး ရေကြီးရေလျှံမှုဖြစ်သည်ဟု ဒေသခံများကပြောသည်။

Photo CJ - မိုင်းရယ်ရှိ ချောင်းရေလျှံမှုကြောင့်လယ်ယာမြေများ ရေလွှမ်းပျက်စီးဆုံးရှုံး

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...