သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်–၁၉ ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေရကြောင်း သတင်းသိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိနေသည့်အပြင် စစ်ဘေးရှောင်သူဉီးရေ ရာဂဏန်းရှိသည့်အတွက် လက်ရှိကာလအတွင်း ကူးစက်ပျံ့ပွားမှုနှုန်း မြင့်မားနေသည့် ကိုဗစ်–၁၉ တတိယလှိုင်းအန္တရယ်ကို စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးလေ့ရှိသူ တဉီးက ပြောသည်။
“နမ့်ခမ်းမြို့နယ်မှာ လူဉီးရေ များတယ်လို့ ပြောရမှာပေါ့၊ ပြီးတော့ စစ်ရှောင်စခန်းကလည်း ငါးခုတောင်ရှိနေတယ်၊ အခုမှာ ကိုဗစ်–၁၉ ကူးစက်မှုနှုန်းကလည်း အရမ်းများနေတော့ စစ်ဘေးရှောင်တွေအတွက်ကို စိုးရိမ်ရပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်က နမ့်ခမ်းမြို့ရှိ နေဝန်းရီ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ အသက် ၆၀ ခန့်ရှိ အမျိုးသမီးတစ်ဉီးတွင် ကိုဗစ်–၁၉ ပိုး စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
“အဖွားက စစက ဖျားတာပါ၊ အဲ့နဲ့ ဆေးခန်းသွားပြတော့ နမ့်ခမ်း ပြည်သူ့ဆေးရုံကို သွားပြခိုင်းတယ်၊ ဆေးရုံရောက်တော့ ကိုဗစ် ရှိ/မရှိ စစ်လိုက်တာ အဖြေက Positive ထွက်လာတယ်” ဟု စစ်ရှောင်စခန်းမှ ပြည်သူတစ်ဉီး ပြောသည်။
လက်ရှိတွင် နေဝန်းနီ စစ်ဘေးရှောင်စခန်းမှ ပိုးတွေ့သူအမျိုးသမီးနှင့် ထိတွေ့မှုရှိသူ တစ်ဉီးသာရှိပြီး ၎င်းကို ဆေးစစ်ရာတွင် ကိုဗစ်ပိုးမရှိကြောင်း တွေ့ရသော်လည်း စခန်းအတွင်းတွင်မူ ဖျားနာနေသူများပြားကြောင်းလည်း ၎င်းကပြောသည်။
“အဖွားနဲ့ထိတွေ့မှုရှိတဲ့သူကို ဆေးစစ်လိုက်တဲ့အခါမှာတော့ ကိုဗစ်မရှိပါဘူး၊ သူကလည်း ကျန်းကျန်းမာမာနဲ့ဘဲ ဘာမှဖြစ်တာမရှိဘူး၊ ဒါပေမယ့် စခန်းအတွင်းမှာ ဖျားနာနေတဲ့သူတွေကလည်း များတယ်၊ ဒါပေမယ့် မိုးရာသီလည်းဖြစ်နေတယ်ဆိုတော့ အရင်နှစ်ကလို ဖြစ်နေကျ ရာသီတုပ်ကွေးလို့ပဲ လူကြီးအများစုက မြင်ကြတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ နမ့်ခမ်းမြို့နယ်အတွင်း နေဝန်းနီ စစ်ရှောင်စခန်းအပြင် စိန်သောမတ်နဲ့ ဂျော် စစ်ရှောင်စခန်းများမှာလည်း ဖျားနာသူအချို့ရှိနေပြီး ရာသီတုပ်ကွေးဖျားနာခြင်းနှင့် အနံ့ပျောက်သူများလည်းရှိကြောင်း သိရသည်။
“နေဝန်းရီစခန်းကိုကျတော့ နေမကောင်းလို့ ဆေးခန်းပြတာ ပိုးတွေ့သွားတာပေါ့နော်၊ ဒါမယ့် တခြားစခန်းတွေမှာလည်း ပိုးကူးခံရတဲ့သူ မရှိဘူးလို့ မပြောနိုင်ဘူး၊ တကယ်လို့သာ စစ်ရှောင်စခန်းမှာ ရောဂါပိုးပျံ့ရင်တော့ အားလုံးက ပိုခက်ခဲသွားလိမ့်မယ်” ဟု နမ့်ခမ်းမြို့နယ်အတွင်း ပရဟိတ လုပ်ဆောင်နေသူတစ်ဉီးက ၎င်း၏အမြင်ကို ပြောပြထားသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြရသည့် ပြည်သူများသည် စားနပ်ရိက္ခာ အခက်အခဲများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ၊ Hand Gel၊ နှာခေါင်းစည်း (Mask)၊ ဓါတ်ဆားကဲ့သို့သော အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်တွင် အမှတ် (၁) ဂျော် စစ်ရှောင်စခန်း (ကချင်) နှင့် စိန်သောမတ် စစ်ရှောင်စခန်း (ကချင်)၊ မန့်ခမ်းကျေးရွာတွင် အမှတ် (၂) ဂျော် စစ်ရှောင်စခန်း (ကချင်)၊ သာယာကုန်း – နေဝန်းနီ စစ်ရှောင်စခန်း (ပလောင်) နှင့် ပန်လုံ စစ်ရှောင်စခန်း (ကချင်+ပလောင်) စသဖြင့် စစ်ရှောင်စခန်း ၅ ခုရှိသည်။
အများစုမှာ ကချင်ပြည်နယ် မန်စီမြို့နယ်မှာလာသည့် စစ်ရှောင်များဖြစ်ကြောင်း၊ နမ့်ခမ်းမြို့နယ် ကျေးရွာတချို့သာ လာရောက်ခိုလှုံမှုရှိကြောင်း နမ့်ခမ်းမြို့ခံများ ပြောပြချက်အရ သိရသည်။
Photo: စစ်ဘေးရှောင်များ







