ရွာလုံးကျွတ်နီးပါး မီးရှို့ခံရသည့် ကင်းမရွာက သူနာပြုတက္ကသိုလ်ကျောင်းသူနှင့် လူငယ် ၃ ဦး ဖမ်းဆီးခံရ

ရွာလုံးကျွတ်နီးပါး မီးရှို့ခံရသည့် ကင်းမရွာက သူနာပြုတက္ကသိုလ်ကျောင်းသူနှင့် လူငယ် ၃ ဦး ဖမ်းဆီးခံရ

စစ်တပ်၏ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရသည့် ပေါက်မြို့နယ်၊ ကင်းမရွာက သူနာပြုတက္ကသိုလ်ကျောင်းသူ မသဉ္ဇာထွန်းနှင့် လူငယ်သုံးဦးကို အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ကင်းမရွာသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းလူငယ်များသည် ဩဂုတ်လ ၂ ရက်တွင် ကျေးရွာအတွက် ဆေးဝါးများ သွားရောက်သယ်ယူစဉ် ပေါက်-ဆိပ်ဖြူ လမ်းဆုံအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မသဉ္ဇာထွန်းသည် အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူနှင့်အတူ ဖမ်းဆီးခံရသူများမှာ ဖြိုးမြင့်အောင်၊ ဖိုးဖြူနှင့် စည်သူလွင်တို့ဖြစ်သည်။

“ကျွန်တော်တို့ရွာရဲ့ တစ်ဦးတည်းသော ဆရာမလေးပါ၊ ရွာမီးရှို့ခံရတဲ့အိမ်တွေထဲ သူ့အိမ်လဲပြာကျသွားတယ်၊ ရှောင်တိမ်းနေရတဲ့ ကျွန်တော်တို့နဲ့ အတူတူ ရွာသားတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေး ကိစ္စတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်ယူ ဖြေရှင်းလုပ်ဆောင်ပေးနေတဲ့သူလေး၊ အဲဒီနေ့က ရွာအတွက်လိုတဲ့ ဆေးဝါးတွေပို့ပေးတာ ဆိုင်ကယ်နဲ့သွားယူကြတာကို ဖမ်းထားလိုက်ကြတာဗျာ” ဟု ကင်းမရွာသားတစ်ဦးက ဆိုသည်။

မသဉ္ဇာထွန်းတွင် အစ်မတစ်ဦး၊ အဖေ၊ အမေနှင့် သူအပါအဝင် မိသားစု လေးဦးရှိသည်။

သူသည် ကင်းမရွာ မီးတင်ရှို့ခံရသည့် ဇွန်လ ၁၆ ရက်နောက်ပိုင်း နေစရာအိမ်မရှိသူများနှင့်အတူ တိမ်းရှောင်‌နေသည့်နေရာတွင် ဆေးခန်းနေရာတစ်ခုပြုလုပ်ကာ ထိုရွာသားများနှင့် အနီးပါတ်ဝန်းကျင်မှ ကျေးရွာသားများအား ဆေးကုသမှုပေးနေသူဖြစ်သည်။

“သူ့ဆေးခန်းလေးမှာ တစ်နေ့တစ်နေ့ကို အယောက် ၂၀ နီးပါးလောက်ထိ လာပြတဲ့သူတွေရှိတယ်။ သူပဲ ဒိုင်ခံကုပေးနေရတာ။ ခုကာလ တုတ်ကွေးတွေ၊ ဖျားတာတွေဖြစ်တော့ ဆေးလိုလို့ သွားယူကြရင်း အဖမ်းခံလိုက်ရတော့ ခုရွာမှာ အတော်ဒုက္ခရောက်နေကြရတယ်ရှင်။ ကျွန်မတို့လဲ လိုက်မသွားရဲဘူး။ ဘယ်ကိုဖမ်းသွားမှန်းလဲမသိဘူး။ သူ့မိဘတွေလဲ မစားနိုင်မသောက်နိုင်နဲ့ ပူဆွေးသောကရောက်နေကြရတယ်” ဟု ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ကင်းမရွာနှင့် အနီးဝန်းကျင်ကျေးရွာများ၏ ကျန်းမာရေး၊ စားဝတ်နေရေး စီမံဖြေရှင်းပေးနေသူ မသဉ္ဇာထွန်းနှင့် လူငယ်သုံးဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အကူအညီများရရှိရန်လိုအပ်ကြောင်း ကျေးရွာသားများက‌ ပြောသည်။

“ကျွန်တော်တို့ကတော့ စစ်သားတွေဆီကို သွားစုံစမ်းတာမျိုးလဲ မလုပ်ရဲဘူး။ အဲဒီလိုသွားတဲ့သူတွေကို ထပ်ဖမ်းထားမှာလဲကြောက်ရတယ်၊ အဲဒါကြောင့် ကူညီနိုင်တဲ့သူတွေရှိရင်တော့ ဒီကလေးတွေကို အမြန်ဆုံးပြန်လွတ်အောင် ကူညီပေးစေချင်ပါတယ်၊ အပြစ်မရှိတဲ့ ရွာအကျိုးကူညီနေတဲ့ ဒီလိုလူငယ်လေးတွေကို အမြန်းဆုံးပြန်လွှတ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဒေသခံတစ်ဦး ဆိုသည်။

“အဘိုး၊ အဖွားတွေဆိုရင်လဲ ပြန်မနေရဲဘူး၊ ဘယ်အချိန် ဘယ်လိုလာလုပ်မလဲမသိတော့ မပြေးနိုင်မလွှားနိုင်ဆိုတော့ ခုရှောင်နေတဲ့နေရာတွေမှာပဲတဲထိုးပြီးနေကြရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

လက်ရှိအချိန်ထိ ကင်းမကျေးရွာတွင် စစ်ကောင်စီတပ်သားများ၏ရန်ကြောင့် ရွာသားများ ပြန်လည်နေထိုင်ခြင်းမရှိဘဲ နီးစပ်ရာတောတောင်၊ လယ်ကွင်းများတွင် တိမ်းရှောင်နေကြရဆဲဖြစ်သည်။

 
 

 

 

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...