ဆန်မှလွဲ၍ အခြေခံစားသောက်ကုန်များ ဈေးတက်လာ

ဆန်မှလွဲ၍ အခြေခံစားသောက်ကုန်များ ဈေးတက်လာ

တခြားပြည်နယ်နှင့်တိုင်းနည်းတူ ကိုဗစ်တတိယလှိုင်းကို အကြီးအကျယ်ခံစားနေရသည့် မွန်ပြည်နယ်အတွင်း ဆန်မှလွဲ၍ အခြေခံစားသောက်ကုန်များ သိသိသာသာ စျေးမြင့်တက်လာကြောင်း အထူးသဖြင့် ထိုင်းနိုင်ငံမှတင်သွင်းသော စားကုန်များ ပို၍ဈေးတက်နေကြောင်း တွေ့ရှိရသည်။

အခြေခံစားသောက်ကုန်များဖြစ်သော ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် ထိုင်းနိုင်ငံမှတင်သွင်းသော စားသောက်ကုန်များ ဈေးတက်နေခြင်းဖြစ်ကြောင်း သီရီမြိုင်ရပ်ကွက်မှ ဦးစိုးက ပြောသည်။

"ကြက်ဥက အရင်တုန်းက တစ်လုံး ၁၀၀ ရှိတယ်။ အခု ၁၅၀ နဲ့ ၁၈၀ ကြားမှာရှိတယ်။ ချဉ်ပေါင်ရွက်တွေအစ ဈေးတက်တယ်။ အသီးအနှံတွေ အကုန်ဈေးတက်တယ်။ ချဉ်ပေါင်ရွက်က ၇၀။ ၃ စည်း ၂၀၀။ အခုက ၁ စည်းကို ၁၅၀ လောက်ရှိတယ်။ ကန်စွန်းရွက်အစ တက်တယ်" ဟု ၎င်းကပြောသည်။

သို့ရာတွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသော ဆီ၊ ကြာဇံ၊ ဟင်းခတ်အမှုန့်များလည်း ယခင်ဈေးနှုန်းထက် ကျပ် ၈၀၀ မှ ၁၂၀၀ ထိ ပိုမြင့်တက်လာသော်လည်း သားငါးဈေးနှုန်းများ သိသိသာသာမြင့်တက်လာခြင်းမရှိကြောင်း ၄င်းက ဆက်ပြောသည်။

မောင်ငံရပ်ကွက်မှ မမေဇင်က "ဈေးတွေကတော့ အကုန်တက်နေတာပဲ။ နိုင်ငံရေးကတစ်မျိုး၊ ကိုဗစ်ကတစ်မျိုးဆိုတော့ ကုန်ဈေးနှုန်းကတော့ ပြန်ကျဖို့ မရှိသေးဘူးထင်တာပဲ။ ထပ်တက်လာဖို့ပဲရှိတယ်" ဟု ယူဆပြောဆိုသည်။

အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေးအခက်အခဲ ရှိလာမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုကို ထိန်းပေးနိုင်ပါက ပြည်သူများအတွက် ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ယနေ့ မော်လမြိုင် ကုန်စည်ဒိုင်ဈေးနှုန်းပေါက်ဈေးအရ ပေါ်ဆန်းမွှေးဆန် (၁၀၈ ပေါင်) ၄၂၄၀၀၊ ဧည့်မထဆန် (၁၀၈ ပေါင်) ၂၈၃၀၀၊ ကြက်ဥ ၁၀ လုံး ၁၃၀၀၊ ဘဲဥ ၁၀ လုံး ၁၅၀၀၊ ကြက်သားတစ်ပိဿာ ၅၀၀၀ စျေးပေါက်သည်ဟု တွေ့ရသည်။

အလားတူ တခြားတိုင်းနှင့်ပြည်နယ်နည်းတူ မွန်ပြည်နယ်သည် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်လာမှုကို ပြည်သူအများ ခံစားနေရကြောင်း သတင်းများက ဖော်ပြသည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...