ရခိုင်တွင် တတိယကိုဗစ်လှိုင်းအတွင်း သေဆုံးမှုက ဒုတိယလှိုင်းထက် ၄ ဆခန့် မြင့်မားလာ

ရခိုင်တွင် တတိယကိုဗစ်လှိုင်းအတွင်း သေဆုံးမှုက ဒုတိယလှိုင်းထက် ၄ ဆခန့် မြင့်မားလာ

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးမှုမှာ ကိုဗစ်ဒုတိယလှိုင်း သေဆုံးမှုထက် ၄ ဆခန့် မြင့်မားလာနေကြောင်း၊ သို့သော် တချို့ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ရန် အားနည်းနေသေးကြောင်း ဒေသခံလူမှုရေးလှုပ်ရှားနေသူများက ပြောသည်။

၂ဝ၂၁ ခုနှစ် ကိုဗစ်တတိလှိုင်း စတင်ဖြစ်ပွားသည့် ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၂၈ ရက်နေ့အထိ (၂) လအတွင်း သေဆုံးသူ ၁၄၆ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း၊ ဒုတိယလှိုင်းဖြစ်ပွားသည့် ၂ဝ၂ဝ ခုနစ်အတွင်း သြဂုတ်လ ၁၆ ရက်နေ့မှ ဒီဇင်ဘာလထိ ၅ လ အတွင်းရခိုင်တွင် ကိုဗစ်ဖြင့်သေဆုံးသူ ၃၇ ဦးအထိရှိခဲ့သဖြင့် လက်ရှိသေဆုံးမှုနှုန်းမှာ ၄ ဆအထိ မြင့်မားလာနေကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရှိရသည်။

သို့ရာတွင် ရခိုင်တွင် ကိုဗစ်စည်းကမ်းနှင့် နေထိုင်မှုအားနည်းနေသေးသည်ကို တွေ့နေရသဖြင့် ယခုထက်ပို၍ ဆိုးဝါးလာနိုင်ကြောင်း Rakhine Covid-19 Watch မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဇော်လှိုင်ထွန်းက ပြောသည်။

“ရခိုင်တပြည်နယ်မှာ လက်ရှိ ရက်ပိုင်းတွေအတွင်း တစ်နေ့ အနည်းဆုံးသေတာ လူရှစ်ယောက်လောက်ရှိတယ်ပေါ့။ ပြောရမယ်ဆိုရင် ဒုတိယလှိုင်း ထက်စာရင် သေဆုံးမှုများတယ်။ စစ်တွေမြို့ အတိုင်းအတာကိုသာကြည့်တော့ စျေးမှာလိုတစ်ဖုံ၊ mask မတပ်တာတပုံကြီးရှိတယ်။ လူထုက ဒီလိုသာ မလိုက်နာရင် ဒီရောဂါက သိပ်ကြောက်ဖို့ကောင်းတဲ့ရောဂါဖြစ်တယ်။ တခြားမြို့တွေမှာလည်းအနည်းနဲ့အများ လိုက်နာမှုအားနည်းတယ်။ စည်းကမ်းအဖောက်ဆုံးမြို့ဆိုရင် စစ်တွေမြို့ပါပဲ” ဟုပြောသည်။

၄င်းအပြင် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာရန် ထုတ်ပြန်ချက်များ ထုတ်ပြန်နေသော်လည်း လူထုလိုက်နာမှုမရှိပါက ထိန်းချုပ်ရန် ခက်ခဲမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

မြောက်ဦးလူငယ်အစည်းအရုံး ဥက္ကဋ္ဌကိုအောင်မင်းကျော်က “မြောက်ဦးမှာက ULA/ AA က ထုတ်လိုက်တဲ့ထုတ်ပြန်ချက်အပေါ်မှာ သက်ရောက်တယ်လို့တော့ ပြောလို့ရတယ်။ အရင်ကဆိုရင် လူတွေက အိမ်မှာမနေဘူး။ နိုင်ငံရေးလှည့်ကွက်ဖြစ်တယ်လို့ ဘာတို့ ညာတို့ပေါ့။ အခုကတော့ အရင်ကထက် စည်းကမ်းနဲ့နေတာတော့တွေ့တယ်။ တစ်ခုရှိတာက ရပ်ကွက်တွေမှာ အရက်ဆိုင်တွေကျတော့ လူအများကြီး လာသောက်တာတွေ့ရတယ်။ ဒီဟာက ကျွန်တော်တို့မြို့အတွက်လည်း ပြဿနာတစ်ခုဖြစ်တယ်။ တခြား သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာတွေ မတွေ့ရသေးပါဘူး” ဟု ပြောသည်။

၄င်းတို့မြောက်ဦးမြို့နယ်ရှိ ကိုဗစ်လူနာများအနေဖြင့် လောလောဆယ် အောက်ဆီဂျင်လုံလောက်မှု ရှိနေသော်လည်း ယခုထက် လူဦးရေ များပြားလာပါက အခက်အခဲရှိလာမည်ကို စိုးရိမ်မိကြောင်း သူက ဆက်ပြောသည်။

ရခိုင်တပြည်နယ်လုံးကိုဗစ်တတိယလိုင်းအတွင်း ဇူလိုင် ၂၈ ရက်နေ့အထိ စစ်တွေတွင်လူနာ ၅ဝ၁ ဦးနှင့် သေဆုံးသူ (၃၄) ဦး၊ မောင်တောတွင်လူနာ ၄၂၄ ဦးနှင့် သေဆုံးသူ (၉) ဦး၊ သံတွဲတွင်လူနာ ၂၂ရ ဦးနှင့် သေဆုံးသူ (၁၇) ဦး၊ တောင်ကုတ်တွင် လူနာ ၁၄၄ ဦးနှင့် သေဆုံးသူ (၄ဝ) ဦး၊  ဘူးသီးတောင်တွင် ၁ဝရ ဦးနှင့်သေဆုံးသူ (၁) ဦး၊ ကျောက်တော်တွင် လူနာ ၉၉ ဦးနှင့် သေဆုံးသူ (၇) ဦး၊ မင်းပြားတွင် လူနာ ၂၈ ဦးနှင့် သေဆုံးသူ (၅) ဦး၊ ဂွတွင်လူနာ ၃၄၃ ဦးနှင့် သေဆုံးသူ ၂ ဦး၊ ကျောက်ဖြူတွင် ၂၆၉ ဦးနှင့် သေဆုံးသူ (၁၂) ဦး၊ ပုဏ္ဏားကျွန်းတွင် ၃၅ ဦးနှင့် သေဆုံးသူ (၁) ဦး၊ ပေါက်တောတွင် ၂၁ ဦးနှင့် သေဆုံးသူ (၄) ဦး၊ အမ်းတွင် ၇၃ ဦးနှင့် သေဆုံးသူ (၂) ဦး၊ မြောက်ဦးတွင် (၉၂) ဦးနှင့် သေဆုံးသူ ၃ ဦး၊ ရသေ့တောင်တွင် ၂၈ ဦးနှင့် သေဆုံးသူ (၃) ဦးအပြင် မာန်အောင်မြို့နယ်တွင် လူနာ ၃၄ ဦးနှင့် သေဆုံးသူ (၆) ဦးအထိ ရှိသွားပြီဖြစ်သည်။

၄င်းအပြင် သေဆုံးမှုမရှိသေးသည့် မြို့နယ်နှစ်ခုဖြစ်သည့် မြေပုံတွင် ကိုဗစ်လူနာ ၂၁ ဦးနှင့် ရမ်းဗြဲတွင် ၆၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 
 

 

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...