လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးရွာတွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးရွာတွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးကျေးရွာတွင် ရေကြီးသည့်အတွက် ယမန်နေ့ ဇူလိုင် ၂၉ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ကလေးငယ်နှစ်ဦး မတော်တဆ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားထံမှ သိရသည်။

အဆိုပါ ရေနစ်သေဆုံးသည့် ကလေးငယ်၂ ဦးမှာ အသက် (၄) နှစ်အရွယ်နှင့် အသက် (၁) နှစ်အရွယ် မိန်းကလေးများဖြစ်ပြီး မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြ၍ အဖွားဖြစ်သူနှင့်အတူ ရွာတွင်နေထိုင်လျက်ရှိကာ အဖွားဖြစ်သူ အပြင်သွားသည့်အချိန်တွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကော့မြတ်ကြီးဒေသခံတစ်ဦးက ပြောသည်။

၎င်းက “သူတို့နေတဲ့အပိုင်းမှာ နည်းနည်းနိမ့်တယ်။ သူ့အဖွားက ရွာထဲမှာ နွားစာသွားကျွေးရင်း ဆိုင်မှာ စားစရာတွေသွားဝယ်တာ။ အချိန်တော့ နည်းနည်းကြာသွားတယ်။ ပြန်ရောက်တော့ ကလေးက ရေထဲမှာ ဆုံးသွားပြီ။ ကလေးတွေဆိုတော့ သတိမထားမိတဲ့အချိန်မှာ ရေထဲဆင်းကစားလို့ဖြစ်မယ်။ သူ့အဖွားလည်း ဒီလိုဖြစ်မယ်လို့ မထင်ထားဘူးလေ” ဟု ကေအိုင်စီသို့ပြောသည်။

ကော့မြတ်ကြီးရွာတွင် ယခုလို ရေကြီးမှုမရှိသည်မှာ ၂ နှစ်ရှိပြီဖြစ်သလို ယခုနှစ်ကြီးသည့်ရေသည် ယခင်နှစ်များထက် ပိုကြီးသည့်အပြင် ၎င်းသေဆုံးသည့် ကလေး၂ ဦး၏ နေအိမ်ကလည်း မြေနိမ့်ပိုင်းနေရာတွင်ရှိသည်ဟု ထိုကော့မြတ်ကြီးဒေသခံက ဆက်ပြောသည်။

အဆိုပါကျေးရွာသည် လှိုင်းဘွဲချောင်းနှင့် မနီးမဝေးတွင်တည်ရှိပြီး လှိုင်းဘွဲချောင်းမှတစ်ဆင့် ရေကြီးရေလျှံသည့်အတွက် ကျေးရွာအတွင်း ယခုလို ရေဝင်ရောက်ခြင်းဖြစ်သည်ဟု ဒေသခံရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့တွင်လည်း ကရင်ပြည်နယ် ဖားအံမြို့ရှိ ရေကြီးသည့်ရပ်ကွက်ဖြစ်သည့် အမှတ် (၅) ရပ်ကွက် အောင်နန်း (၄) လမ်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်ဟု ဖားအံ လူမှုကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 
 

 

 

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...