ကိုဗစ်ကူးစက်မှု များပြားလာခြင်းနှင့် စစ်တပ်ကအာဏာသိမ်းမှု နောက်ပိုင်းကာလအတွင်း ကရင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသအချို့မှ ကလေးသူငယ်များမှာ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံခွင့်မရဘဲဖြစ်နေကြောင်း သက်ဆိုင်ရာ ဒေသခံကလေးမိဘများက ပြောဆိုချက်များအရ သိရသည်။
ကျေးလက်ဒေသအချို့တွင် ကလေးငယ်များအတွက် တိုးချဲ့ကာကွယ်ဆေးထိုးပေးချင်သော်လည်း နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးပေးခန်းများ ပိတ်ထားသည့်အတွက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရကြောင်းလည်း ကော့ကရိတ်မြို့နယ်မှ ကလေးမိဘတစ်ဦးက ယခုလိုပြောသည်။
“အရင်က ရွာမှာ ဆေးပေးခန်းရှိတော့ ဆေးပေးခန်းမှာ ပုံမှန်ထိုးပေးတာရှိတယ်။ အခု ဆေးခန်းက ဆရာမလည်းမရှိဘူး။ နီးစပ်ရာဆေးရုံလည်း ပိတ်ထားတယ်။ ပြီးတော့ ကော့ကရိတ်၊ ကျုံဒိုးတွေမှာ ထိုးပေးတယ်လို့ကြားတယ်။ ကိုဗစ်ကြောင့် လမ်းတွေပိတ်တော့ မသွားထိုးနိုင်တော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။
သို့သော် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့်ပတ်သက်၍ လုံးဝရပ်နားခြင်းမဟုတ်သလို မြို့နယ်အဆင့် သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများက ကိုဗစ်ကူးစက်မှုများသည့်နေရာတွင် အစီအစဉ်ပြောင်းကာ ထိုးနှံပေးခြင်းရှိကြောင်း ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကာကွယ်ဆေးထိုးတာက လုံးဝရပ်ထားတာတော့မဟုတ်ဘူး။ ကိုဗစ်ကာလမှာတော့ Risk ယူပြီး ထိုးပေးရတယ် ဒါတွေက။ အခုက ကိုဗစ်အရမ်းမြင့်နေတဲ့အချိန်မို့ ပုံစံသာပြောင်းရင်ပြောင်းမယ်။ တချို့နေရာတွေက ရပ်ကောင်းရပ်မယ်။ ဘာကြောင့်လဲဆိုတော့ ထိုးတဲ့လူကော၊ အထိုးခံရတဲ့လူကော သိပ်အဆင်မပြေဘူး။ အဓိက ဒေအလိုက် သက်ဆိုင်ရာမြို့နယ်မှာ ဆက်သွယ်မေးကြည့်တာမျိုးကောင်းတယ်။ ထိုးတဲ့နေရာတွေမှာဆိုရင် ရက်ချိန်းယူပြီး ထိုးတာမျိုးပေါ့” ဟု ကေအိုင်စီသို့ပြောသည်။
ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အစိုးရလက်လှမ်းမမီသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အုပ်ချုပ်နယ်မြေအချို့တွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၏ ကျန်းမာရေးဌာနမှ တာဝန်ယူထိုးပေးထားခြင်းရှိသော်လည်း ကိုဗစ်ကာလတွင် နယ်မြေအတွင်း အဝင်/အထွက် ပိတ်ထားသည့်အတွက် ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် ယခုကာလတွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ရပ်နားထားရသည်ဟု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) က ပြောသည်။
“ကိုဗစ်ဖြစ်ကတည်းက ကာကွယ်ဆေးက ပုံမှန်မထိုးပေးနိုင်တော့ဘူး။ စစ်တပ်အာဏာသိမ်းတော့ ပိုဆိုးသွားတယ်။ အသွားအလာသိပ်အဆင်မပြေတော့ဘူး။ အရင်က ဒီမြန်မာအစိုးရဘက်က ကာကွယ်ဆေးပေးတာရှိတယ်။ ၂၀၂၀ တုန်းက ကာကွယ်ဆေးလက်ကျန်ရှိတယ်။ ကိုယ့်နည်းကိုယ့်ဟန် ရှာထားတာလည်းရှိတယ်။ ကိုဗစ်အခြေအနေ နည်းနည်းသက်သာရင် ပြန်ထိုးမယ်။ အစိုးရဘက် သွားထိုးလို့မရတဲ့ နှစ်ဖက်ထိန်းချုပ်နယ်မြေက ကိုယ့်လူထုတွေကိုလည်း နိုင်သလောက်ထိုးပေးရမှာပေါ့” ဟု KDHW ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်က ကေအိုင်စီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းချိန်မှစ၍ ကျန်းမာရေးဝန်ထမ်းများသည် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုများ ကြုံတွေ့နေရသည့်အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေသည့်အတွက် ကလေးငယ် (၁) သန်းနီးပါးသည် ပုံမှန်ကာကွယ်ဆေးထိုးခြင်း မရတော့သည့်အပြင် ကလေးငယ် ၅ သန်းနီးပါးသည်လည်း ဗီတာမင်အေ ဖြည့်စွက်ဆေးများ မရရှိတော့ကြောင်း ယူနီဆက်မြန်မာက ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ထားသည်။
အဆိုပါ ကလေးငယ်များကို ယခုလို ကာကွယ်ဆေးနှင့်ဆေးများအတွက် လက်လွတ်ဆုံးရှုံးနေရခြင်းသည် ကူးစက်ရောဂါများနှင့် (ပြင်းထန်သည့်အခြေအနေများတွင်) မျက်လုံးကွယ်ခြင်းအထိ ဘေးအန္တရာယ်ကျရောက်စေနိုင်ကြောင်းလည်း ယူနီဆက်မြန်မာက ထောက်ပြထားသည်။
ဆေးရုံဆေးခန်းတွင် မွေးဖွားသည့် ကလေးငယ်များသည် မွေးဖွားပြီးချင်း ၂၄ နာရီအတွင်း အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးပေးခြင်းရှိပြီး အသက် ၂ လမှ အသက် ၅ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေး ၁၁ မျိုးဖြစ်သည့် ပြင်းထန်တီဘီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများကို သတ်မှတ်ထားသည့်လအလိုက် ပုံမုန်ကာကွယ်ဆေးထိုးသည့်အစီအစဉ်တွင် ထည့်သွင်းထိုးပေးထားသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့မှစတင်၍ အသက် (၉) နှစ်မှ (၁၁) နှစ်အရွယ် မိန်းကလေးတိုင်းကိုလည်း အိတ်ချ်ပီဗွီ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတစ်မျိုးကိုလည်း စတင်ထိုးပေးခြင်းရှိကာ တစ်ဦးလျှင် နှစ်ကြိမ်ထိုးပေးရပြီး ပထမတစ်ကြိမ်ထိုးပြီးလျှင် ၁၂ လခြားတစ်ခါ ထိုးပေးမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ၂၀၂ဝ ခုနှစ်တွင် ထုတ်ပြန်ထားခြင်းရှိသည်။







