လူသားချင်းစာနာမှု အခြေခံမူများကို စစ်ကောင်စီချိုးဖောက်နေကြောင်း ND-Burma ထုတ်ပြန်

လူသားချင်းစာနာမှု အခြေခံမူများကို စစ်ကောင်စီချိုးဖောက်နေကြောင်း ND-Burma ထုတ်ပြန်

လတ်တလော ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်မားပြီး လူအသေအပျောက်မြှင့်တက်နေသည့် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီအနေဖြင့် ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုတွင် လူသားချင်းစာနာမှု အခြေခံမူများ ချိုးဖောက်နေကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) က ယမန်နေ့ ဇူလိုင်လ (၂၈) ရက်နေ့တွင် စာတမ်းငယ်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကိုဗစ်တတိယလှိုင်းကူးစက်မှုကြောင့် လူအသေအပျောက်များနေချိန်တွင် လက်ရှိ တိုင်းပြည်အာဏာသိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထိရောက်စွာ တုန့်ပြန်မှုမပြုဘဲ မိမိအာဏာတည်မြဲရေးအတွက် နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချမှုများသာ ပြုလုပ်နေကြောင်း ND-Burma က ဆိုသည်။

ကွန်ရက်၏ပြောခွင့်ရ မမွန်းနေလီက “စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကိုဗစ်က အခြေအနေဆိုးဆိုးဝါးဝါးနဲ့ ပြန်ဖြစ်နေတယ်။ ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ စစ်ကောင်စီအနေနဲ့ သေသေချာချာ ကိုင်တွယ်ဖြေရှင်းလိုတဲ့ စိတ်ရင်းစေတနာမှန် မရှိတဲ့အပြင် ဒီအခြေအနေတစ်ခုကို သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံရေးအရ အသုံးချတဲ့ ကိစ္စရပ်တွေဖြစ်လာတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ND-Burma ၏ အဆိုအရ ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်သည်ဟုဆိုသော်လည်း စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူလူထုများအပေါ် ကျန်းမာရေးစောင့်ရှောက်ပိုင်ခွင့်၊ ကုသခံပိုင်ခွင့်နှင့် အန္တရာယ်ကင်းစွာ အရင်းအမြစ်ရရှိခွင့်တို့ကို ထိန်းချုပ်ဖယ်ရှားနေပြီး လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်းနှင့် လွတ်လပ်ခြင်း စသည့် လူသားချင်းစာနာထောက်ထားမှု အခြေခံမူ (၄) ခုကို လိုက်နာရန်ပျက်ကွက်ကြောင်း စာတမ်းငယ်တွင် ဆိုထားသည်။

စစ်ကောင်စီ လိုက်နာရန်ပျက်ကွက်သည့် လူသားချင်းစာနာထောက်ခြင်း အခြေခံမူများအရ လတ်တလော မြန်မာပြည်သူများကြုံတွေ့နေရသည့် အောက်ဆီဂျင်ပြတ်လပ်မှုတွင် စစ်ကောင်စီမှ ပုဂ္ဂလိကဆေးရုံများအပြင် အလှူရှင်များ၏ ပေးပို့လှူန်ဒါန်းသည့် အောက်ဆီဂျင်များ၊ ပြည်သူများ မိမိကိုယ်တိုင် စုပေါင်းဝယ်ယူထားသည့် အောက်ဆီဂျင်ဗူးများကို မတရားသိမ်းယူခြင်းများနှင့် ပေးဝေလှူဒါန်းမှုများကိုလည်း လိုက်လံတားမြစ်ဆောင်ရွက်ခြင်းမျိုးကို ကနဦးဖော်ပြထားသည်။

လက်ရှိအကြပ်အတည်းကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေကြောင်း ND-Burma က ဆက်လက်ဝေဖန်ပြောဆိုခဲ့ပြီး လက်ရှိ ကူးစက်မှု မြင့်မားနေချိန် စစ်ကောင်စီမှ ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းများကိုသာ ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့် ကုသခံယူခွင့်ကိုပေးထားပြီး ၎င်းတို့ကို ဆန့်ကျင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုများကို ခြိမ်းခြောက်မှုများ၊ ကန့်သတ်မှုများအပြင် မတရားဖမ်းဆီးအရေးယူမှုများ ပြု လုပ်နေကာ ဆရာဝန် ၄၀၀ နှင့် သူနာပြု ၁၈၀ မှာလည်း ဖမ်းဝရမ်းထုတ်ခံထားရကြောင်း AP သတင်းကိုကိုးကားပြီး ထောက်ပြပြောဆိုထားသည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်ခွင့် လက်လှမ်းမမီနိုင်သည့် တိုင်းရင်းသားဒေသများတွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စစ်ကောင်စီမှ ပိုတိုးလုပ်ဆောင်နေပြီး ၎င်းဒေသအတွက် ရရှိနိုင်သည့် လူသားချင်းစာနာမှုအကူအညီများ ဖြတ်တောက်ခံရမှု၊ ပိတ်ဆို့မှုတို့ဖြင့်လည်း ခွဲခြားဆက်ဆံမှုများရှိနေကြောင်းကို ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အကူအညီဖြင့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကို သွားရောက်ပေးပို့လှူဒါန်းမှုများပြုရာတွင် စစ်ကောင်စီဘက်မှ တားမြစ်မှုများ ပြုလုပ်ခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားခဲ့သူပေါင်း ၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ထောင်နှင့်ချီသည့် ပြည်သူလူထုများမှာ အကြမ်းဖက်ဖမ်းဆီးထိန်းသိမ်းခံထားကြရကာ လက်ရှိတွင် အကျဉ်းကျခံနေရသူများတွင် ကိုဗစ်ကူးစက်ခံရသူများလည်းရှိနေပြီး လုံလောက်သည့် ဆေးဝါးကုသခွင့် မရရှိခြင်းကြောင့် ထောင်တွင်းဆန္ဒဖော်ထုတ်မှုများလည်း ယခင်ရက်ပိုင်းများက ပေါ်ပေါက်ခဲ့သေးသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းအများအပြား ပြည်သူ့အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ခြင်းနှင့်အတူ လက်ရှိ စစ်ကောင်စီ၏ ကပ်ရောဂါအပေါ် တုန့်ပြန်မှုမှာ မြန်မာနိုင်ငံတွင် ကျန်းမာရေးအဆောက်အအုံသည် လျင်မြန်စွာပြိုကျနေပြီး သန်းနှင့်ချီသည့် ပြည်သူလူထုများ အသက်ဆုံးရှုံးရနိုင်ကြောင်း ခန့်မှန်ချက်များ ပေါ်ထွက်လာချိန် စစ်ကောင်စီအနေဖြင့် အာဏာရယူထားမှုကို စွန့်လွတ်ရန်လိုအပ်ပြီး နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အသိအမှတ်ပြုပေးရန် ND-Burma က တိုက်တွန်းတောင်းဆိုထားသည်။

“ပရဟိတအနေနဲ့ ပြည်သူလူထုတွေကို လိုက်လံစောင့်ရှောက်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာတို့၊ အရေးယူတာတို့ကို မလုပ်ဖို့လိုအပ်တယ်။ ပြီးတော့ ကိုဗစ်ကပ်ရောဂါးကို ကုသဖို့ ပြည်သူလူထုတွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ဆောင်ခွင့်ပေးရမယ်။ ပြီးတော့ လူသားချင်းစာနာထောက်ထားမှုမရှိတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာကနေ အဘက်ဘက်ကနေ အရေးယူဆောင်ရွက်မှု ပြုဖို့လိုအပ်တယ်” ဟု မမွန်းနေလီက ဆက်ပြောသည်။

ထို့အပြင် နိုင်ငံတကာအနေဖြင့် NUG အစိုးရအား အသိအမှတ်ပြုခြင်းအပြင် ကိုဗစ်တိုက်ဖျက်ရေးအတွက် NUG အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာရေးလုပ်သားများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ND-Burma က ဆက်လက်တိုက်တွန်းထားသည်။

ND-Burma ကို တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည့် အဖွဲ့ဝင် ၁၃ ဖွဲ့ဖြင့်ဖွဲ့စည်းထားပြီး နစ်နာခဲ့သူများ၏ တရားမျှတမှုရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...