တောင်ကျချောင်းရေမြှင့်တက်လာ၍ ပြောင်းရွှေ့ရသည့် လှိုင်းဘွဲမှ အိမ်ခြေ ၈၀ ခန့် ဆေးဝါးနှင့်စားနပ်ရိက္ခာ လိုအပ်နေ

တောင်ကျချောင်းရေမြှင့်တက်လာ၍ ပြောင်းရွှေ့ရသည့် လှိုင်းဘွဲမှ အိမ်ခြေ ၈၀ ခန့် ဆေးဝါးနှင့်စားနပ်ရိက္ခာ လိုအပ်နေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ဇူလိုင်လ ၂၆ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းသဖြင့် တောင်ကျချောင်းရေ မြှင့်တက်မှုကြောင့် ရေဘေးသင့်နေရသည့် မြို့ပေါ်ရှိ လူနေအိမ် ၈၀ ခန့်ကပြည်သူများမှာ ဆေးဝါးနှင့်စားနပ်ရိက္ခာ လိုအပ်နေသည်ဟု လှိုင်းဘွဲမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

အဆိုပါ ရေဘေးသင့်နေအိမ်များမှ မိသားစုဝင်များမှာ မြို့ပေါ်ရှိ စာသင်ကျောင်း၊ ဗလီနှင့် မြို့နယ်ခန်းမများတွင် ပြောင်းရွှေ့နေရကြောင်း လှိုင်းဘွဲမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးဖြစ်သူ စောပြည့်စုံက ယခုလိုပြောသည်။

၎င်းက "ရေလွှမ်းတဲ့အိမ်က ၇၀၊ ၈၀ လောက်တော့ရှိမယ်။ ရှောင်တိမ်းတဲ့နေရာကျတော့ မွတ်ဆလင်မ်တွေကကျတော့ ဗလီမှာနေကြတယ်။ တချို့ကျတော့ လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမမှာနေကြတယ်။ ကုန်းနဲနဲမြင့်တဲ့နေရာမှာ။ ကမော့ ကချူးဘက်က အရင်က ကွာရတင်းစင်တာပေါ့။ အခုကျတော့ ရေဘေးသင့်နေတဲ့နေရာ ဖြစ်သွားပြီပေါ့။ အဲ့မှာ ထားကြတယ်" ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ယင်းသို့ ပြောင်းရွှေ့နေရာတစ်နေရာစီတွင် ရေဘေးသင့်သူ မိသားစုများမှ လူဦးရေ ၁၀၀ ကျော် ခိုလှုံနေထိုင်နေကြရပြီး ဆေးခန်းအချို့မှာလည်း ရေကြီးမှုကြောင့် ဆေးခန်းပိတ်လိုက်သည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း စောပြည့်စုံက ဆက်ပြောသည်။

ထို့အပြင် တတိယလှိုင်း ကိုဗစ်ရောဂါကူးစက်မှု မြှင့်တက်လာသည့်ကာလဖြစ်၍ မိုးရွာသွန်းမှုများပြီး နေအိမ်ထဲရေဝင်သည့် ပြည်သူများအတွက် ကျန်းမာရေးပြဿနာ တစုံတရာကြုံတွေ့ရပါက ဆရာဝန်များထံ သွားရောက်ဆေးကုသရန် အဆင်မပြေမှုများရှိကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လှိုင်းဘွဲမြို့ခံတစ်ဦးက "ဖျားရင်တော့ ဆရာဝန်တွေဆီကိုသွားဖို့က ရေကလည်းကြီးနေတော့ သွားဖို့ အဆင်မပြေဘူး။ အိမ်နားက ဆိုင်တွေမှာပဲ ဆေးတွေဝယ်နေရတယ်။ ပြီးရင် ကိုယ်နေမကောင်းတာကို သက်သာအောင် အဲ့ဆေးတွေကိုပဲ မှီဝဲနေရတယ်။ စားဖို့အတွက်ကတော့ ရေမတက်ခင်တုန်းက တွန်းလှည်းနဲ့လာရောင်းတဲ့ ဈေးသည်တွေဆီက ကုန်ခြောက်တွေ၊ ငါးခြောက်တွေ၊ ကြက်ဥတွေကို ကြိုဝယ်ထားတော့ အဲ့ဒါနဲ့ပဲ ခုလောလောဆယ် စားနေရတာပေါ့။ ကြက်ဥဈေးလည်း အခု ငါးထောင်အထက်ကိုလည်း ဈေးတက်နေပြီး။ ဒီရေမကျရင်တော့ အိမ်မှာမွေးထားတဲ့ ကြက်တွေကိုပဲ စားရတော့မှာပေါ့" ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲနှင့် ဖားအံမြို့နယ်များတွင် မြစ်ရေကြီးခြင်းနှင့် တောင်ကျချောင်းရေတက်လာခြင်းတို့ကြောင့် ဒေသခံများမှာ ကိုယ်တိုင်အားဖြင့်ဖြစ်စေ၊ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ ကူညီမှုဖြင့်ဖြစ်စေ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ရသလို အသိမိတ်ဆွေအိမ်များ၌ ခေတ္တ ရွှေ့ပြောင်းနေထိုင်ကြရသည်။

ကရင်ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်းများတွင် စိုးရိမ်နေအမှတ်ထက် အသီးသီးကျော်လွန်ရောက်ရှိနေကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယမန်နေ့ (ဇူလိုင်လ ၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - လှိုင်းဘွဲလူမှုကယ်ဆယ်ရေးအဖွဲ့

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...