မဲဆောက်မြို့နယ်အတွင်း Lock down ချခံ မြန်မာအလုပ်သမားများအတွက် အရေးပေါ်ကူညီပေးမှုများ ပြုလုပ်

မဲဆောက်မြို့နယ်အတွင်း Lock down ချခံ မြန်မာအလုပ်သမားများအတွက် အရေးပေါ်ကူညီပေးမှုများ ပြုလုပ်
Photo: Yaung Chi Oo Workers Association
Photo: Yaung Chi Oo Workers Association

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်း စားနပ်ရိက္ခာ အရေးပေါ်အကူအညီများလိုအပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့နှင့် အခြားအလှူရှင်များပူးပေါင်း၍ အရေးပေါ်အကူအညီများ လိုက်လံပေးအပ်နေကြောင်း သိရသည်။

မဲဆောက်မြို့နယ်အတွင်း ကိုဗစ်ကပ်ရောဂါကူးစက်မှု ဆက်တိုက်မြင့်မားလာခြင်းကြောင့် ယခုလအတွင်း lockdown ဧရိယာအဖြစ် သတ်မှတ်ထားခြင်းနှင့်အတူ ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သွားလာရခက်ခဲသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သည့် အရေးပေါ်အကူအညီများကို လိုက်လံကူညီပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ပြောခွင့်ရ ဦးမိုးကျော်က ယခုလိုပြောသည်။

“အဓိကလုပ်ပေးတာကတော့ အရေးပေါ်အခြေအနေပေါ့၊ မဲဆောက်ဒေသထဲမှာ lockdown ချခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ပြီးရင် အခုရက်ပိုင်း မိုးရွာသွန်းမှု ရေချိန်မြှင့်လာပြီး ရေးကြီးပြီးတော့ သွားလာရေးခက်ခဲနေတဲ့ အလုပ်သမားတွေ စားရေးသောက်ရေးခက်ခဲနေတဲ့ အလုပ်သမားတွေကို ကျနော်တို့က စားနပ်ရိက္ခာထောက်ပံ့တဲ့ အစီအစဉ်ကို လုပ်ဆောင်နေပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဦးဆောင်ပြီး အဝေးရောက်ဧရာဝတီအသင်း (OIA)၊ Burma Lawyers' Council (BLC) နှင့် Migrants Rights Promotion Working Group (MRPWG) ကွန်ရက်အဖွဲ့နှင့် ချိတ်ဆက်ခြင်းအပြင် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကပါ ထည့်ဝင်လှူဒါန်းမှုဖြင့် ယခုလို လိုက်လံကူညီပေးခြင်းဖြစ်ကြောင်းလည်း ဦးမိုးကျော်က ဆက်ပြောသည်။

ယခင် ဇွန်လကုန်ခါနီးမှစ၍ lockdown ချခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုရှိရာ စက်ရုံအလုပ်ရုံများကို လူဦးရေအပေါ်မူတည်ပြီး လိုအပ်သည့် စားနပ်ရိက္ခာများကို ခွဲဝေလှူဒါန်းခြင်းဖြစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းများချက်ပို့ပေးခြင်းအပြင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများကိုပါ ဆက်သွယ်လာမှုအပေါ် မူတည်၍ ပေးပို့လှူဒါန်းခြင်းလည်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “ကျနော်တို့ lockdown ချခံထားရတာ အရင်လ ၂၈ ရက်ကနေ ၂၃ ရက်နေ့အထိ တစ်လနီးပါးရှိပြီပေါ့။ အဲ့ကာလမှ ဒီရပ်ကွက်ထဲကလူတွေက အပြင်လည်းထွက်မရဘူး။ စားဝတ်နေရေးက မြို့နယ်ရုံးတွေက လာလှူတာလည်းရှိတယ်။ ဒီမှာ အခက်အခဲရှိတာက ၅၀ ရာခိုင်နှုန်းလောက်ကတော့ ခက်ခဲနေကြသူတွေဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ကပ်ရောဂါအခြေအနေ ဆက်လက်မြှင့်တက်နေခြင်းနှင့် ရေဘေးများပါ ဆက်လက်ကြုံတွေ့ရပါက ရပ်တည်ရေးအတွက် အခက်အခဲသွားမည်ဖြစ်ပြီး လက်ရှိတွင် အဖွဲ့အစည်းအလှူရှင်များ၏ စားနပ်ရိက္ခာဖြင့်သာ ရပ်တည်နေကြရပြီး တချို့အလုပ်လက်မဲ့ဖြစ်နေသည့် မိသားစုများအတွက် နေအိမ်အခန်းခများကို ပေးဆောင်ရန် အခက်အခဲများရှိနေကြကြောင်းလည်း အဆိုပါ မြန်မာအလုပ်သမားက ဆက်ပြောသည်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကူးစက်ခံရမှု မြင့်မားနေပြီး မဲဆောက်မြို့နယ်အတွင်း ကူးစက်ခံရသူပေါင်း ထောင်ချီရှိနေပြီဖြစ်သလို နေ့စဉ်ကူးစက်မှုများ ဆက်လက်ရှိနေသောကြောင့် ရပ်ကွက်နေအိမ်တချို့ကို သွားလာမှုကန့်သတ်ထားသည်။

အလားတူ ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုဖြစ်ပေါ်နေကာ သောင်ရင်းမြစ်ရေလျှံ၍ ကမ်းနားနေပြည်သူအချို့ ရေကြီးမှုဒဏ်ကိုပါ ခံနေကြရကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...