ရေကြီးရေလျှံ၍ သွားလာမှုခက်ခဲသည့် မြဝတီမြို့တွင် မြို့လယ်လမ်းအား ပိတ်ချထားသဖြင့် ပိုမိုအခက်ကြုံနေရ

ရေကြီးရေလျှံ၍ သွားလာမှုခက်ခဲသည့် မြဝတီမြို့တွင် မြို့လယ်လမ်းအား ပိတ်ချထားသဖြင့် ပိုမိုအခက်ကြုံနေရ

သောင်ရင်းမြစ်ရေ လျှံတက်မှုကြောင့် ရေကြီးရေလျှံမှုဆိုးရွားနေသည့် မြဝတီမြို့တွင် လမ်းတစ်ချို့ရေကျော်နေ၍ သွားလာရခက်ခဲမှုများနှင့် ကြုံနေရသော်လည်း မြို့လယ်ဘုရင့်နောင်လမ်းမကြီးအား Lockdown ချ ပိတ်ထားဆဲဖြစ်သည့်အတွက် သွားလာမှုတွင် ပိုမို၍ အခက်ကြုံနေရကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၇ ရက်) ညက မြစ်ရေထပ်တက်လာပြီးနောက် မြို့တွင်းလမ်းသွယ်များဖြစ်သော ကြံခင်းလမ်း၏ နေရာတစ်ချို့တွင် လမ်းမထက် ရေလျှံနေသလို ယမန်နေ့ကတည်းက ရေကျော်နေသည့် ဗိုလ်ချုပ်လမ်းတွင်လည်း ယနေ့ ပိုမိုဆိုးရွားသည့်အခြေအနေတွင် ရှိနေသည်။

ထိုအခြေအနေတွင် အဓိကသွားလာမှုပြုနိုင်သည့် ဘုရင့်နောင်လမ်းမကြီး ရွှေမြင်းဝန်ဘုရားမီးပွိုင့်မှ ဘုရင့်နောင်ဈေးကုန်းအထိ လမ်းပိတ်ထားသလို ဘုရင့်နောင်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းအား ဆက်သွယ်ထားသည့် ရဲစခန်းဘေး တရားရုံးလမ်းတို့အား လော့ဒေါင်းချသည့်သဖွယ် လမ်းပိတ်ထားသည်။

ယခုလို လမ်းပိတ်ထားသည့်အတွက် ကယ်ဆယ်ရေးနှင့် အရေးပေါ်အခြေအနေမှာ သွားလာမှုပြုနေရသူများအတွက် ကွေ့ပတ်သွားနေရသဖြင့် အချိန်ကြန့်ကြာမှုများရှိကာ များစွာအခက်အခဲကြုံနေကြရသည်ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောသည်။

မြဝတီမြို့တွင် ကိုဗစ်ကူးစက်မှု မြင့်မားခဲ့မှုကြောင့် ဇူလိုင် ၁၃ ရက်နေ့မှစ၍ Stay at Home နေထိုင်ရန် ကြေညာထားပြီး နံနက် ၉ နာရီနောက်ပိုင်း အပြင်မထွက်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီးနောက် ယခုလို အဓိကလမ်းမကြီး နေရာတစ်ချို့ကိုလည်း ပိတ်ထားခြင်းဖြစ်သည်။

သို့သော်လည်း ယခုအခြေအနေတွင် မြဝတီမြို့၏ ရပ်ကွက်နေရာအတော်များများမှာ ရေကြီးရေလျှံမှုများဖြစ်နေ၍ ရေဘေးရှောင်ရန်နှင့် အရေးပေါ်သွားလာမှုတို့တွင် တားမြစ်ထားသည့် ဂိတ်တစ်ချို့မှ လူတစ်ဦးလျှင် ဒဏ်ငွေ ၅၀၀၀ ကျပ် တောင်းခံနေကြောင်း ဒေသခံများက ပြောဆိုလျက်ရှိနေသည်။

လက်ရှိ မြဝတီမြို့၏ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ အထက် ၃၀၀ စင်တီမီတာကျော်တွင် ရောက်ရှိနေပြီး မြစ်ကမ်းတလျှောက် နှင့် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်ခြေ ၅၀၀၀ ဝန်းကျင်ခန့် ရေဘေးဒုက္ခခံနေရကြောင်း သိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...