ကျေးလက်ဒေသတွင် ကိုဗစ်ရောဂါလက္ခဏာဖြင့် နေထိုင်မကောင်းသူများ ဆေးဝါးကုသမှုလိုအပ်နေ

ကျေးလက်ဒေသတွင် ကိုဗစ်ရောဂါလက္ခဏာဖြင့် နေထိုင်မကောင်းသူများ ဆေးဝါးကုသမှုလိုအပ်နေ

ကရင်ပြည်နယ်အတွင်း ကျေးလက်တောရွာနေထိုင်သူများသည် မြို့ပေါ်တက်၍ ဆေးဝါးဝယ်ယူရန် အခက်အခဲရှိသည့်အတွက် ကိုဗစ်ရောဂါလက္ခဏာပြပြီး နေထိုင်မကောင်းဖြစ်ပါက ရောဂါကုသရန် ဆေးဝါးလိုအပ်လျက်ရှိသည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ ကျေးလေးနေ ဒေသခံအချို့မှာ ကိုဗစ်ကူးစက်မှုများရှိသည့်အပြင် ကိုဗစ်ကြောင့် သေဆုံးမှုများရှိပြီး ရောဂါရှိသူနှင့် ထိတွေ့ထားသည့် မိသားစုဝင်များမှာ နေထိုင်မကောင်းသူများရှိလာသော်လည်း ကျန်းမာရေးစစ်ဆေးခွင့်မရသည့်အပြင် ကုသရန်ဆေးဝါးများ လိုက်လံဝယ်ယူ၍မရကြောင်း မိသားစုဝင်ထံမှ သိရသည်။

အလားတူ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်တောရွာအချို့တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူများရှိပြီဖြစ်ကာ ကိုဗစ်လူနာနှင့် ထိတွေ့ထားသော မိသားစုဝင်များမှာ ယခုအချိန်တွင် ကိုဗစ်ရောဂါလက္ခဏာများပြပြီး နေထိုင်မကောင်းသူများရှိသည့်အတွက် ဆေးဝါးကုသရန် လိုအပ်နေကြောင်း မိသားစုဝင်ထံမှ သိရှိရသည်။

ကော့ကရိတ်မြို့နယ်ရှိ ကော့ကမာရွာသူတစ်ဦးက “ကျမတို့ရွာမှာ ကိုဗစ်ပိုးတွေ့ရှိထားတော့ အခုရွာမှာ အဝင်/အထွက် မရဘူး။ အခု မိသားစုဝင်တွေ နေမကောင်းဖြစ်တယ်။ ရောဂါရှိ/မရှိ စစ်ဆေးလို့မရဘူး။ ကုသဖို့ဆေးဝါးမရှိဘူး။ ရွာအဝင်/အထွက် မရတော့ မြို့ကိုဆေးသွားဝယ်လို့လည်းမရဘူး။ အခြားရွာမှာ သွားဝယ်လို့လည်းမရဘူး။ ဘယ်သူမှလည်း ဆေးလာမကုပေးဘူး။ အခက်အခဲအရမ်းဖြစ်တယ်။ ရေလည်းကြီးတော့ ရိက္ခာကုန်ခြောက်တွေလည်း ပြတ်ကုန်ပြီ” ဟု ကေအိုင်စီသို့ပြောသည်။

ကိုဗစ်တတိယလှိုင်းကာလတွင် နေမကောင်းဖြစ်သူများသည် ကိုဗစ်ဟု မှတ်ယူထားစေချင်သလို နေအိမ်အတွင်းသာကုသရန်နှင့် လိုအပ်မှုရှိလာမှ နီးစပ်ရာဆေးရုံများသို့ သွားရောက်စစ်ဆေးပြီး ကုသပေးစေလိုကြောင်းလည်း ပြည်နယ်ကောင်စီ ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်က ပြောသည်။

၎င်းက “အကြမ်းဖျင်းနားလည်အောင်ပြောရရင် တစ်သိန်းလောက်ဖြစ်တယ်ဗျာ။ ဘာမှမဖြစ်တဲ့လူတွေကို စစ်ဖို့အနေအထားက မလွယ်တော့ဘူး။ အရင်ပေါ်လစီက လာရင်စစ်မယ်။ စစ်ပြီးသွားရင် P စင်တာမှာထားမယ်။ ၁၀ ရက်ပြည့်ရင် ဆင်းမယ်ပေါ့။ ဒါက အရင်လှိုင်းတုန်းကထားတဲ့ Guide Line ပေါ့။ အဲဒါတွေက အခု အသုံးမဝင်တော့ဘူး။ အခုက တကယ်တမ်း လိုအပ်ချက်တွေရှိတော့မှပဲ စစ်တော့တယ်။ နှာစေး၊ ချောင်းဆိုး နေမကောင်းဖြစ်ရင် ကိုဗစ်စည်းကမ်းအတိုင်း အိမ်မှာနေပါ။ အဲဒါမှ နေရခက်တယ်၊ အသက်ရှူရခက်ရင် လိုအပ်ချက်တွေရှိရင် သူတို့က လိုရင်စစ်ပေးမယ်ပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

ကိုဗစ်ကူးစက်မှု များလာသည့်အချိန်တွင် ကူးစက်ခံရသူအားလုံးကို ကုသပေးရန် နေရာလုံလောက်မှုမရှိသည့်အတွက် မြို့နယ်အသီးသီးတွင် ကိုဗစ်ကုသရေးစင်တာထားရှိကာ လုပ်ဆောင်ပေးနိုင်သည့် အနေအထားများကြည့်၍ ဆောင်ရွက်ပေးနေရသည့် အခြေအနေရှိကြောင်း ဒေါက်တာကျော်စွာမြင့်က ဖြည့်စွက်ပြောသည်။

ရောဂါကူးစက်မှုများလာသည့် ကိုဗစ်တတိယလှိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း အမြောက်အမြားသည် ပြည်သူ့အာဏာဖိဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့်အတွက် သက်ဆိုင်ရာဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုများလည်းရှိသည်ဟု နီးစပ်ရာ ကျန်းမာရေးတာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများသည် ၎င်း၏နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ခြင်းရှိ/မရှိ စိစစ်ပြီးတင်ပြပေးရန် ဇူလိုင် ၂၅ ရက်နေ့စွဲဖြင့် ဖားအံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံ စာပို့ထားခြင်းလည်းရှိသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...