မြစ် ၃ စင်း စိုးရိမ်ရေမှတ်အနီးရောက်နေ၊ ရေဘေးအန္တရာယ် ပိုကြီးလာနိုင်ဟု မိုးဇလကျွမ်းကျင်သူများ သတိပေး

မြစ် ၃ စင်း စိုးရိမ်ရေမှတ်အနီးရောက်နေ၊ ရေဘေးအန္တရာယ် ပိုကြီးလာနိုင်ဟု မိုးဇလကျွမ်းကျင်သူများ သတိပေး

စစ်တောင်းမြစ်အပါအဝင် မြစ်သုံးစင်းမှာလည်း စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေ၍ ရေဘေးအန္တရာယ် ပိုမိုကြီးမားလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သုတေသီတစ်ဦးက သတိပေးထားသည်။

"ဒီကာလက မြန်မာမှာ ပထမရေကြီးကာလဖြစ်တယ်။ မွန်တို့ ကရင်တို့ တနင်္သာရီတို့မှာ မြစ်ရေတိုးချိန် မိုးပါရွာရင် ရေဘေးက အရမ်းဆိုးတယ်။ လက်ရှိ ရာသီဥတုအခြေအနေအရ မိုးက ဆက်ကောင်းနေမှာ။ ဒေသအလိုက် ကြိုပြင်ဆင်မှုအားနည်းရင်တော့ မလွယ်ဘူး" ဟု မိုးလေဝသဆိုင်ရာ သုတေသီတစ်ဦးက ပြောသည်။

သူက စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နှင့် တနင်္သာရီမြစ်တို့ကြောင့် ရေကြီးနိုင်ကြောင်း ရည်ညွှန်းပြောသွားသည်။

မိုးဇလဌာနကလည်း လက်ရှိရေကြီးနေသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် မိုးကြီးနိုင်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာ နယ်စပ်မြစ်ဖြစ်သော သောင်းရင်းမြစ်အပြင် စစ်တောင်းမြစ်နှင့် ရွှေကျင်မြစ်သည် မဒေါက်မြို့နှင့် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်ဟု မိုးဇလဌာနက ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်တွင် မိုးဆက်ကြီးမည့် သတိပေးချက်ထုတ်ပြန်ထားရာ ရေဘေးပိုမိုဆိုးရွားလာမည်ကို ဒေသခံများက စိုးရိမ်နေသည်။

လူနေရပ်ကွက်များ ရေမြုပ်နေပြီး ယာယီကယ်ဆယ်ရေးစခန်းများသို့ လူ ၁,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ရသည့် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် မြင့်တက်နေသည်။

တနင်္သာရီမြစ်မှာလည်း တနင်္သာရီမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေ၍ ရေဘေးသတိပေးချက် ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောသည်။

မုတ်သုံလေအားကောင်းပြီးနောက် မြန်မာနိုင်ငံဒေသအများအပြား မိုးကောင်းနေရာ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်နေပြီး ဒေသခံများ ရေဘေးကြုံတွေ့နေသည်။

ဓာတ်ပုံ - ကရင်ပြည်နယ်တွင်းရေကြီးမှုများ

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...