မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် မြေပြိုမှုဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် မြေပြိုမှုဖြစ်ပွား

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် ဇူလိုင်လ ၂၆ ရက်နေ့က တောင်နံရံမြေပြိုကျမှုဖြစ်ပေါ်ပြီး လူနေအိမ်ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချောင်ဆုံမြို့နယ် ကဒါရွာတွင် တောင်နံရံနေရာ (၂) နေရာ ပြိုကျခဲ့ပြီး နေအိမ် (၁) လုံး ပျက်စီးခဲ့ကြောင်း၊ ကွမ်ရိုက်ကျေးရွာတွင် နေအိမ် (၇) လုံး ပြိုကျပျက်စီးခဲ့ကြောင်း မွန်ပြည်လွှတ်တော် ဒုတိယဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ဒေါက်တာအောင်နိုင်ဦးက "ဒီနေ့တစ်နေ့လုံး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီလူးကျွန်းနေရာအနှံ့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့သလို ညနေ (၅) နာရီနဲ့ (၆) နာရီအကြားမှာ ကဒါနဲ့ ကွမ်ရိုက်တောင်နံရံ မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့တယ်" ဟု ဆိုသည်။

အဆိုပါမြေပြိုကျမှုကြောင့် ကွမ်ရိုက်ကျေးရွာမှ ဒေါ်အုန်းမြင့် (ခ) ဒေါ်မီး (၄၀) နှစ်သည် မြေစာပုံအောက်ပိမိခဲ့ပြီး ကယ်ထုတ်နိုင်ခြင်းမရှိသေးပေ။

ကွမ်ရိုက်ရွာသားတစ်ဦးက “မြေအောက်မှာ ပိနေတာတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူးထင်ပါတယ်၊ မိုးရွာရင် မြေတွေက ဆက်ပြီးပြိုကျနေတယ်၊ စုစုပေါင်း အိမ် ၇ လုံးထိတာပေါ့၊ ကဒါမှာတော့ အိမ်တစ်လုံး လုံးဝထိတယ် နောက်အိမ်တစ်လုံးက နည်းနည်းပါးပါး၊ တောင်က မုန့်စိမ်းပေါင်းလို အောက်မှာလှီးထားတာ အပေါ်ကနေ ပြိုကျတာပေါ့” ဟု ဆိုသည်။

ထို့အပြင် ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်တွင်လည်း ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက မြေပြိုကျမှုကြောင့် ဒေသခံ ၁ ဦး မြေပိသေဆုံးခဲ့ကြောင်း သိရသည်။

ထိုမြေပြိုကျမှုဖြစ်ပွားခဲ့သည့် ဝန်းကျင်မှ ဘုန်ကြီးကျောင်းများ လူနေအိမ်များရှိလူများကို လက်ရှိတွင် ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ပြီး တားမြစ်နယ်မြေအဖြစ် သက်မှတ်ထားကြောင်း ဒေါက်တာအောင်နိုင်ဦးက ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် ယမန်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မော်လမြိုင်၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့ပေါ်ရပ်ကွက်အချို့ ရေလွှမ်းခဲ့ပြီး မုဒုံ-သံဖြူဇရပ်ကားလမ်း နှီးပဒေါတံတားအနီး ရေလွှမ်းမိုးသဖြင့် မော်တော်ကားများ အသွားအလာ နောက်တစ်ဝက်ခန့် ပြတ်တောက်ခဲ့ကြောင်း သိရသည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...