ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်တွင် ကိုဗစ်ကူးစက်မှု များလာသည့်ပြင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့အထိ သေဆုံးသူ ၄ ဦးရှိလာနေပြီးဖြစ်သည်ဟု မြို့သစ်တာဝန်ရှိသူထံမှ သိရသည်။
လေးကေကော်မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၌ လက်ရှိ ကိုဗစ်ကူးစက်ခံရသူဦးရေ ၈၀ ကျော်တွင် ၄ ဦးသေဆုံးခဲ့သည်ဟု လေးကေကော်မြို့သစ် စီမံအုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူ စောဌေးမြင့်အောင်က ကေအိုင်စီသို့ပြောသည်။
ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူအထဲတွင် ရောဂါအခံရှိထားသူများဖြစ်သလို လေးကေကော်မြို့တွင် နေထိုင်သူတစ်ဦး၊ မြဝတီမြို့မှ ပြန်လာသူ ၂ ဦးနှင့် ဖလူးဒေသမှ လာရောက်သူတစ်ဦးပါဝင်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ကိုဗစ်ကူးစက်သူများလာသည့်အပေါ် သီးသန့်ထားရှိသည့်နေရာတွင် နေရာမလုံလောက်မှုများ ကြုံတွေ့နေရသည့်အတွက် ယခုအချိန်တွင် ရောဂါလက္ခဏာပြပြီး သံသယရှိသည့်လူနာများကို (Quarantine) သီးသန့်စောင့်ကြည့်သည့်အဆောင်တွင် မထားတော့ဘဲ နေအိမ်အတွင်းသာထားရှိပြီး စောင့်ကြည့်နေသည်ဟု စောဌေးမြင့်အောင်က ပြောသည်။
၎င်းက “နေရာမလောက်တော့ဘူး။ အသစ်ဆောက်ထားတဲ့နေရာတွေလည်း ပြည့်တယ်။ နေကောင်းပြီး ပြန်တဲ့လူတွေက နည်းပြီး ရောဂါတိုးတဲ့ လူတွေက များတယ်။ အဲဒါကြောင့် ရောဂါလက္ခဏာပြတဲ့လူတွေဆိုရင် သူတို့နေအိမ်မှာပဲနေခိုင်းပြီး တစ်ပတ်စောင့်ကြည့်တယ်။ ပြီးတော့ ကိုဗစ်ကြောင့် အလုပ်အကိုင်တွေလည်း မရှိကြတော့ လူထုစားဝတ်နေရေးအတွက်လည်း ပြန်ကြည့်ရတယ်။ ကျနော်တို့အတွက် အဲဒီအခက်အခဲတွေတော့ ကြုံနေရတယ်” ဟု ပြောသည်။

လေးကေကော်မြို့သစ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့လူနာ စတင်တွေ့ရှိသည့်အတွက် မြို့တွင်ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းကိုလည်း ဇွန်လ ၂၃ ရက်နေ့ကတည်းက ယာယီပိတ်ထားလိုက်ရသည်။
အိမ်ခြေ ၇၀၀ လုံးရှိပြီး လူဦးရေ ၃၀၀၀ (သုံးထောင်) ခန့်နေထိုင်သည့် လေးကေကော်မြို့သစ်တွင် လက်ရှိ ကိုဗစ်လူနာ ၈၂ ဦးရှိပြီး သေဆုံးသူ လူနာ ၄ ဦးရှိပြီဖြစ်သည်။
၎င်းမြို့သစ်နှင့်နီးသည့် မြဝတီမြို့တွင်လည်း ကိုဗစ်ကူးစက်သူများလာပြီး ဇူလိုင်လ ၂၅ ရက်နေ့အထိ သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီးဖြစ်သည့်အပြင် ကူးစက်သူများလာသောကြောင့် အိမ်အပြင်မထွက်ရ (Stay at Home) လည်း ကြေငြာထားသည်။







